ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၅၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ရင်းမှီးကျေးရွာ အနောက်ဖက် နှင့် အရှေ့ဖက်ရှိ စစ်တပ်သိမ်းဆည်းမြေယာများအတွင်း ရှိနေသည့်လက်ဖက်ပင်များကို တစ်ပင်လျှင်ငွေ ၂၀၀ ကျပ် အခွန်ပေးဆောင်မှသာ လက်ဖက်ညွှန့်များခူးယူခွင့်ရှိမည်ဖြစ်ကြောင်း ဇူလိူင်လ၂၅ရက်‌‌နေ့က သိရသည်။
“လက်ဖက်တွေကတော့ အရင်ဘိုးဘွားလက်ထက်ကတည်းကစိုက်ထားတာ နှစ်ရှည်ပင်ဆိုတော့လေ သူတို့က နောက်မ မြေလာသိမ်းတာ ဖျက်လိုက်ရင်လည်း နှမြောတယ်လေ။ အဲတာတွေကြောင့် အခွန်ဆောင်ပြီး နှစ်တိုင်းခူးနေရတာဒီနှစ်လည်း ဈေးသိပ်မရှိပါဘူး ခူးရ လှော်ရ အခြောက်လှန်းရ အမျိုးမျိုးဘဲ အခုကုန်ဈေးနှုန်းနဲ့ဆိုမကိုက်ပါဘူး”ဟု မြေသိမ်းခံရ ရင်းမှီးဒေသခံတစ်ဦးက ပြောသည်။
ရင်းမှီးကျေးရွာအနီးတစ်ဝိုက်တွင် စစ်တပ်သိမ်းမြေယာ ဧက ၅၀၀၀ ထက်မနည်းရှိနေပြီး ယင်းမြေများထဲတွင် မြေပိုင်ရှင်ဒေသခံများက စိုက်ပျိုးရေးလုပ်လိုလျှင် စစ်တပ်ကိုအခွန်ပေးဆောင်မှသာ စိုက်ပျိုးခွင့်ရှိကြောင်းသိရသည်။
“ကိုယ်မြေထဲ ကိုယ်စိုက်ပျိုးရေးပြန်လုပ်ရမှာအရမ်းကြောက်ရတယ် ပြီးခဲ့တဲ့ ၂၀၂၀တုန်းဆို ပိုက်ဆံပေးပြီး စိုက်ထားတာကို အပင်ပေါက်မ သူတို့လာဖျက်တယ် ဘယ်သူမ မပြောရဲဘူး။ အာဏာသိမ်းပြီး ခုနောက်ပိုင်းပိုဆိုးတယ် ပြောစရာစကား တောင်မရှိတော့ပါဘူး”ဟု မြေသိမ်းခံရ စင်းတောင်းဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်လည်း ဆောင်ပြောင်းရွာအကျော် မြေတစ်ဧက၊ ဂျာမနီလမ်း၊ လွယ်မွတ်-နမ်းဟူး လမ်းလေးဆုံနေရာရှိ မြေတစ်ဧကတို့ကို ဂိတ်ဆောက်ရန်နှင့် နမ်းဟူ တောင်ပေါ်ရှိ ဒေသခံမြေ ၈ ဧကကို လူငယ်ထိန်းသိမ်းရေးစခန်းဆောက်ရန် ဟုဆိုပြီး PNO ပြည်သူ့စစ်က အဓမ္မသိမ်းဆည်းခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ပုံ_၂၀၂၂တွင် PNOပြည်သူ့စစ်က ဒေသခံမြေသိမ်းယူရာ အမှတ်အသားပြုလုပ်သည့်ပုံ

Leave a Reply

Your email address will not be published. Required fields are marked *