ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၇၊၂၀၂၃
စစ်ကောင်စီထုတ်‌မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဇူလိုင်လ(၂၃)ရက်နေ့တွင် စစ်ကောင်စီက လာမည့်ဇူလိုင်လ(၃၁)ရက်နေ့ကစပြီး နှစ်သောင်းကျပ်တန်ငွေစက္ကူကို ထုတ်ဝေမည် ဟု ကြေညာထားပြီး ထိုငွေနှစ်သောင်းကျပ်တန်ကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။
အဆိုပါလုပ်ရပ်သည် တရားမဝင်စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ စဥ် ဆက်မပြတ်ကျူးလွန်နိုင်ရန် လိုအပ်သည့်ရန်ပုံငွေကို အရေးပေါ်ဖြည့်တင်းနိုင်ရန် အားထုတ်ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုထားပါသည်။
တရားမဝင်စစ်ကောင်စီကဖြစ်စေ၊ ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်စေ ငွေစက္ကူအသစ်ရိုက်နှိပ်ထုတ်ဝေခြင်းက တရားမဝင်သောလုပ်ရပ်တခုဖြစ်ကြောင်း ဖော်ပြထားသည်။
တရားမဝင်ငွေစက္ကူများ ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေရုံသာမက ပြည်သူတို့၏ လုပ်အားခနှင့် စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် ဒုက္ခမျိုးစုံ ကြုံတွေ့စေသည့် ငွေစက္ကူသစ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန် ငွေစက္ကူများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်းတို့ဆက်ခံသည့်အစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူအဖြစ်သတ်မှတ်ကြောင်းကြေညာချက်တွင် ပါရှိထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *