ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၂၊၂၀၂၃
စစ်ကောင်စီလက်‌အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက အွန်လိုင်းဖြင့် ဈေးရောင်းဝယ်သူများကို ၆ လအတွင်း လုပ်ငန်းလိုင်စင် လုပ်ဆောင်ရန် ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါသည်၊၊
အွန်လိုင်း ဈေးရောင်းသူများအနေဖြင့် လုပ်ငန်းလိုင်စင်ကို စတင်ထုတ်ပြန်သည့်ရက်မှ ၆ လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်းဆိုထားသည်၊၊
စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အွန်လိုင်းအရောင်းအဝယ် ပြုလုပ်ခြင်းဆိုင်ရာ အမိန့်တရပ်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊၊
အဆိုပါအမိန့်စာထဲတွင် အွန်လိုင်းစနစ်နှင့် ကုန်စည်ရောင်းချခြင်း လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်သည်၊၊
အွန်လိုင်းစနစ်ဖြင့် ဝယ်ယူရောင်းချနေသည့် လုပ်ငန်းများ လုပ်ကိုင်ပြီး မှတ်ပုံတင်လျှောက်ထားခြင်းမရှိကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)အရအရေးယူခံရမည်ဟု ဖော်ပြထားသည်၊၊
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)တွင် အနည်းဆုံးထောင်ဒဏ် ၆လမှ အများဆုံး ၃နှစ်အထိချမှတ်နိုင်သည့်အပြင် ၅ သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်၊၊
အွန်လိုင်းစနစ်တွင် မှတ်ပုံတက်လက်မှတ်ပါအမည်ဖြင့် ရောင်းချခွင့်ပြုမည်ဖြစ်ပြီး မှတ်ပုံတင်စဥ် တင်ပြထားခြင်းမရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းချခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းဆိုသည်၊၊
လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့်ပတ်သတ်ပြီး “အရင်ကကျွန်မ အဲဒါနဲ့ပတ်သတ်ပြီးလည်း မှတ်ပုံတင်လျှောက်ဖူးတယ် အွန်လိုင်းဆိုလျှောက်မရဘူးပြောလို့မလုပ်ဖြစ်တာ ဒီအလုပ်လုပ်တာလည်း နှစ်နဲ့ချီကြာနေပြီ ခုမှလာပြီးထုတ်နေတာ အမျိုးမျိုးပဲ အခြေအနေတော့ကြည့်ရအုံးမယ်”ဟု အထည်လက်ကားဒိုင်ရောင်းချသူတစ်ဦးက ပြောသည်၊၊
အွန်လိုင်းရောင်းချသူတစ်ဦးကလည်း “အာဏာသိမ်းပြီးကတည်းက ယခုချိန်ထိ အလုပ်လက်မဲ့တွေလည်းများတယ် နိုင်ငံခြားထွက်တဲ့သူလည်းအများကြီးပဲ ဒီကျန်နေတဲ့လူငယ်တွေရဲ့အများစုက အွန်လိုင်းကိုပဲ အဓိကထားပြီး လုပ်ကိုင်နေကြတယ် ခုမှအဲလိုလာထုတ်ပြန်တော့ လူငယ်တွေရဲ့မျှော်လင့်ချက်ပျောက်တယ်”ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်အများစုသည် ကိုယ်ပိုင်လုပ်ငန်းအဖြစ် အွန်လိုင်းမှတစ်ဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အဓိကထားလုပ်ကိုင်လာကြသည်၊၊
လက်ရှိ မြန်မာနိုင်ငံအတွင်း အခြေခံစားသောက်ကုန်၊ အထည်၊ အလှကုန်၊ မြေကွက်၊ ရွှေငွေလက်ဝတ်ရတနာများအထိ အွန်လိုင်းမှတစ်ဆင့် ရောင်းချဝယ်ယူမှုလုပ်ငန်း ပိုမိုအားကောင်းနေသကဲ့သို့ အနုပညာရှင်များကလည်း အွန်လိုင်းမှတစ်ဆင့် ရောင်းချပေးမှုမျိုးကို ပြုလုပ်နေကြသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *