ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၉၊၂၀၂၃
တောင်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများကို မြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အိမ်များဆောက်လုပ်ခြင်းများနှင့် ပတ်သက်၍ ဇူလိုင် ၁၈ရက်နေ့တွင် တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးစာထုတ်ပြန်‌ကြောင်းသိရှိရပါသည်။
ထုတ်ပြန်ချက်တွင် တောင်ကြီးမြို့နယ်အတွင်း အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ လယ်မြေ၊ ယာမြေ၊ မြေလွတ်၊ မြေရိုင်း၊ ကျန်အခြားမြေ၊ သစ်တောမြေများကို ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ထုတ်ရောင်းချခြင်း၊ တိုင်စိုက်ထူခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်းများ ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း ပါရှိပါသည်။
အခြားမြေ၊ ရွာမြေများကို ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ထုတ်၍ ဈေးနှုန်းချိုသာစွာဖြင့် အိမ်ခြံမြေအကျိုးဆောင်များ၊ ပွဲစားများက Facebook Online Media များမှတစ်ဆင့် ကြေညာရောင်းချလျှက်ရှိပြီး အများပြည်သူများက ဝယ်ယူလျက်ရှိကြောင်း ပါရှိသည်။
ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ထုတ် ရောင်းချနေမှုများနှင့် ပတ်သက်၍ မြေအမျိုးအစားအလိုက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တားမြစ်စာထုတ်ဆင့်ခြင်းများ ဆောင်ရွက်ထားရှိပြီး လိုက်နာမှုမရှိသူများအား သက်ဆိုင်ရာဥပဒေ/ နည်းဥပဒေနှင့်အညီ အရေးယူရန်ဆောင်ရွက်လျှက်ရှိကြောင်းပါရှိပါသည်။
တောင်ကြီးမြို့နယ်အတွင်း ရှိမြေများ ရောင်းချနေမှုများကို ဝယ်ယူသည့် ပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် မြေယာလုပ်ကိုင်ခွင့် ပိုင်ဆိုင်ခွင့်ရရှိထားသူများအနေဖြင့်မြေယာဥပဒေနှင့် အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်ဆောင်ရွက်သွားရန် နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပါရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၂ရက်နေ့ နှင့် ဇွန်လ ၉ တွင်လည်း တောင်ကြီးမြို့နယ်ရှိ ဖာမွန်းကျေးရွာအုပ်စု နှင့် ကံကြီးရပ်ကွက်အတွင်း လူနေအိမ်များဆောက်လုပ်ထားသည့် အိမ်များနှင့် မြေများကို အိမ်တိုင်ရောက်
သတိပေးစာများ ပေးပို့အကြောင်းကြားခဲ့သည်။
“ကျမ ရဲ့အိမ်တွေဆိုလည်း အများကြီးပါသွားတယ်။ အခုဖယ်ရှားခိုင်းလိုက်တဲ့ အိမ်တွေဆို ပုံစ ၁၀၅ ဂရမ်ပေါက်တွေချပေးထားတယ်။ လယ်မြေဆိုရင် ဘာလို့ အစကတည်းက ဂရမ်ချပေးလည်းပေါ့။ အချို့အိမ်တွေဆိုမပါဘူး သံလမ်းတစ်လျှောက်မှာဆိုရင် ပါတဲ့အိမ်က ၅လုံးဘဲရှိတယ် ခွဲခြားပြီး လုပ်တယ်လို့ ကျမထင်တယ်။ ဒီအကြောင်းအရာတွေကို ကျမအနေနဲ့ စနစ်ကျကျ စီစစ်ပြီး လုပ်စေချင်တယ်။ “ ဟု တောင်ကြီးအိမ်ရှင်တစ်ဦးက ပြောကြားသည်။
အိမ်ပိုင်ရှင်များသည်လည်း မြေဝယ်ယူရာတွင် အစိုးရပိုင်မြေဟုသောကိစ္စများမသိရှိရပါသဖြင့် ဝယ်ယူမိကြောင်း၊ သိရှိပါက မည်သူက ဝယ်မည်နည်းဟုပြောကြားပြီး အချို့အိမ်ရှင်များသည်လည်း ဆောက်ပြီးသား အိမ်ကြီးအိမ်ကောင်းများကို ဖယ်ရှားခံရသည့်ကိစ္စသည် အလွန်စိတ်မကောင်း ဖြစ်ကြောင်း နှင့် ယခုကိစ္စရပ်များကို စနစ်တကျ ပြုလုပ်စေပြီး မည်သူမှ မနစ်နာစေရန် မျော်လင့်သည်ဟု ပြောဆိုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *