ခမ်းသားငေါဝ်း
ဇူလိုင်လ ၂၀၊၂၀၂၃
ယခုနှစ်ရာသီထွက် နံနက်သီးများသည် ဈေးကွက် နှင့်စားသုံးသူများထံအ‌ရောက်တွင် ဈေးကောင်းလျက်ရှိပြီး မြေပြင်၌ စိုက်ပျိုးလုပ်ကိုင်‌နေသည့်တောင်သူများထံတွင် ဈေးကောင်းမရ‌နေကြောင့် သိရပါသည်။
ယခုအချိန် တောင်ကြီးမြို့ပေါ် နှင့် ဈေးကွက်များတွင် နာနတ်သီး အကြီးတစ်လုံးကို – ၆၅၀ ကျပ်၊ ၈၀၀ ကျပ်၊ အလတ် – ၄၀၀ ကျပ်၊ စသဖြင့် ဈေးနှုန်းများရှိပေမဲ့ စိုက်ပျိုးတောင်သူများထံတွင် တစ်လုံး ၃၀၀ ကျပ်နှုန်းသာရရှိကြောင့် သိရှိရပါသည်။
“အရင်နှစ်က နာနတ်သီးဈေးမရှိဘူး။ ဒီနှစ်ကျတော့ ကုန်ဈေးနှုန်းတွေက အစစအရာရာတက်နေတော့ နာနတ်သီးလည်း ဈေးတက်တဲ့သဘောမျိုးရှိတယ်။ ဝယ်စားသုံးသူအနေနဲ့ ဈေးကောင်းတယ်ဆိုပေမဲ့ တကယ့်စိုက်ပျိုးတဲ့တောင်သူတွေမှာ စိုက်ပျိုးခတွေ သယ်ယူခတွေ ကြားထဲက ပွဲစားပေးတဲ့ ဈေးနဲ့ဘဲရတယ်။ တကယ်ကတောင်သူတွေ ဈေးကောင်းမရပါဘူး” ဟု နာနတ်သီးစိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။
ယခုနှစ်တွင် နာနတ်သီးဈေးကောင်းနေပေမယ့် စိုက်ပျိုးမှုနည်းပါးလာပြီး နာနတ်စိုက်ပျိုးသူသည် ၃ ပုံ ၂ ပုံခန့်သာကျန်ရှိပြီး အခြားစိုက်ပျိုးရေးဖြစ်သည့် ပြောင်းများ ပိုမိုစိုက်ပျိုးလာသည်ကို တွေ့ရကြောင်း နာနတ်သီး‌စိုက်ပျိုးသူပြောပြချက်အရ သိရသည်။
“ ပြောင်းက သုံးလတည်းနဲ့ ငွေပေါ်တယ်လေ မြန်တယ်။ သေချာတယ်ပေါ့။ နာနတ်သီးကျတော့ နှစ်လတ်ပင်မျိုးဖြစ်တယ် ၃ နှစ်လောက်မှ ငွေပေါ်တယ် ဒါတောင်ဈေးကွက်က မသေချာသေးဘူး။ တစ်နှစ်ကို ပေါင်းတွေ မြေသြဇာတွေ နှစ်ကြိမ်ကျွေးရတယ်။ အကုန်အကျလည်းများတယ် ဒါကြောင့် ပိုသေချာပြီး ငွေအပေါ်မြန်တဲ့ပြောင်းပဲ စိုက်လာကြတာတွေ့ရတယ်” ဟု ၄င်းက ဆက်ပြောသည်။
ဘန်းယဉ်‌ဒေသရှိ နာနတ်သီးခြံခင်းများသည် စစ်တပ်ပိုင်မြေဖြစ်သောကြောင့် တောင်သူများသည် တစ်နှစ်တစ်ကြိမ် စစ်တပ်ကို အခွန်ပေးဆောင်ရလျက်ရှိပြီး နာနတ်သီးသည် နှစ်လတ်ပင်ဖြစ်သောကြောင့် ကြားကာလများ၌ ဖယ်ခိုင်းရွေ့ခိုင်းမည်ဆိုပါက ပိုမိုနစ်နာမည်ဖြစ်၍ ပြောင်းစိုက်ပျိုးမှု များလာရ‌ကြောင်း သိရှိရပါသည်။
နာနတ်သီး စိုက်ပျိုးသူတစ်ဦးကလည်း “ဝယ်ယူစားသုံးသူနဲ့ စိုက်ပျိုးတဲ့တောင်သူတို့ကြား တိုက်ရိုက်ရောင်းဝယ်လို့ရမယ့် တောင်သူဈေးတွေကို ပြုလုပ်ပေးစေချင်တယ်။ ဒါမှ ဝယ်ယူစာသုံးသူလည်း ဈေးအများကြီးပေးစရာမလိုသလို့ တောင်သူတွေ ကိုယ်တိုင်ကလည်း ကိုယ်စိုက်ပျိုးတဲ့ သီးနှံတွေကို ကိုယ်တိုင်ကိုယ်ကျ ကြိုက်ဈေးလာရောင်းလို့ရတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေတာပေါ့။” ဟု ပြောသည်။
တောင်သူထံရှိနာနတ်သီးများကို ပွဲစားများကဝယ်ယူပြီး တောင်ကြီးဈေး၊ ဟိုပုံးဈေး၊ ဘန်းယဉ်စျေး၊ နန်းပန်ဈေး၊ ဆိုက်ခေါင်ဈေးများတွင် တစ်ဆင့်ရောင်းချလျက်ရှိပြီး ရန်ကုန်သို့ တင်ပို့မှုများလည်းရှိကြောင်း၊ နာနတ်သီးစိုက်ပျိုးတောင်သူများကိုယ်တိုင် ဈေးကွက်အတွင်း လာရောက်ရောင်းသည်က ရှား‌ပါးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *