ခမ်းသားငေါဝ်း
ဇူလိုင် ၁၆၊ ၂၀၂၃
ရှမ်း-(ကယား)ကရင်နီနယ်စပ်နှင့် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က အင်အားတိုးမြင့်ထားကြောင်း ဒေသခံထံမှ သိရသည်။
ပင်လောင်း ဘက်လမ်းကြောမှတဆင့် စစ်ကောင်စီ တပ် အင်အားအများအပြားတိုးမြင့်သည်ကို ယခုရက်ပိုင်းပိုမိုတွေ့ရှိကြောင်းသိရသည်။
“စစ်ကောင်စီဖက်က အထိများပုံရတယ် အခုဆို ပင်လောင်းလမ်းကြောင်းဖက်ကနေ နေ့တိုင်းလိုလို ဆင်းလာကြတယ် အင်အားလည်းများတယ် ကားတွေလည်း အများကြီးပါပဲ တစ်ချို့ရက်တွေဆိုရင် သူတို့စစ်ကားလိုဆင်းတာမဟုတ်ပဲနဲ့ ဒေသခံကားအသုံးပြုပြီးတော့ ဖယ်ခုံဖက်ကို ဆင်းလာတာတွေ့ရတယ်”ဟု ပင်လောင်းဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ စတင်ပြီး တစ်လတာအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၁၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း PDF Pekhon ထံမှ သိရသည်။
စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဇွန်လမှစပြီး တစ်လအတွင်း စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း PDF Pekhon နှင့်အတူ KRU၊ SSDF (ရှမ်းတောင် ဒရုန်း တပ်ဖွဲ့)၊ LKPDF နှင့် ရှမ်းတောင်တပ်ပေါင်းစုအဖွဲ့ (1003၊ 1005၊ 1008၊ 1009 – IPDF၊ SSLRU၊ NPT(ပကဖ) ) စသည့်တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီက ကရင်နီပြည်နယ် အတွင်း စစ်အင်အား တိုးချဲ့ပြီး စစ်ကြောင်းထိုး၊ တပ်ဖြန့်မှုများ နေ့စဉ်ပြုလုပ်နေပြီး ပြည်သူများ နေထိုင်သည့်နေရာကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်နေသည့်အတွက် ဒေသခံ ပြည်သူများ ထိခိုက် သေဆုံးမှု မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရ သည်။