ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၄၊၂၀၂၃
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်က ဇူလိုင်လ ၁၃ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရာ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat သည် လုံလောက်သည့် မဲအရေအတွက် မရသဖြင့် ရွေးချယ်ခံရခြင်း မရှိကြောင်း သိရသည်။
ပါလီမန်ဥက္ကဋ္ဌ Wan Muhamad Noor Matha သည် ခြောက်နာရီကြာ အချေအတင်ဆွေးနွေးပြီးနောက် ညနေ ၄ နာရီဝန်းကျင်တွင် ဝန်ကြီးချုပ် ရွေးကောက်ပွဲအတွက် မဲပေးမှုကို ဖွင့်လှစ်ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးပါဝင်သော ကော်မတီတစ်ခုမှ မဲခွဲဆုံးဖြတ်ခြင်း ရလဒ်များကို ဆောင်ရွက်ပေးခဲ့ပါသည်။
လွှတ်တော်နှစ်ရပ်ပေါင်း အမတ်ဦးရေ ၇၅၀ ဦး၏ ထက်ဝက်ကျော် ၃၇၆ ဦး ထောက်ခံမှသာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်မည်ဖြစ်၍
Move Forward ပါတီမှ Pita သည် ဝန်ကြီးချုပ်ဖြစ်ရန် လွှတ်တော်နှစ်ရပ်ပေါင်း ၃၇၆ မဲ ရရှိရန် လိုအပ်ပြီး ယခုတွင် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိသဖြင့် ဝန်ကြီးချုပ်အရွေးခံမှု မအောင်မြင့်ခဲ့ရခြင်း ဖြစ်သည်။
Pita ၏ ဝန်ကြီးချုပ် မဲခွဲရာတွင် ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၁၈၂၊ ကြားနေမဲ ၁၉၉ မဲ ရရှိခဲ့ပြီး စစ်တပ်က ခန့်အပ်ထားသည့် အထက်လွှတ်တော် အမတ် ၂၅၀ ထဲမှ အမတ် ၂၁၆ ဦးသာ လွှတ်တော် တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
နောက်တကြိမ် မဲခွဲဆုံးဖြတ်မှုအပေါ် အာရုံစိုက်ပြီး လွှတ်တော်တွင်း မဲဆန္ဒရှင်များ ပိုမိုအနိုင်ရရှိစေရေး ဗျူဟာကို ရေးဆွဲသွားမည်ဖြစ်ကြောင်း Pitaက ပြောကြားခဲ့သည်။
Bhumjaithai အပါအဝင် ပါတီအများအပြားမှ လွှတ်တော်အမတ်များ အပါအဝင် ပုဒ်မ ၁၁၂ နှင့်ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်နှင့်ပတ်သက် ပြီး မေးမြန်းရာတွင် Pitaက ပြည်သူကို ကတိပေးထားသည့်အတိုင်း ဥပဒေပြင်ဆင်ရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။ .
ဒုတိယအကြိမ်နှင့် တတိယအကြိမ် မဲပေးခြင်းကို လာမည့် ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပြုလုပ်မည်ဖြစ်သည်။
မေလက ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲတွင် Move Forward ပါတီသည် ကိုယ်စားလှယ် အမတ်နေရာ ၁၅၁ နေရာအထိ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

You missed