ခမ်းသားငေါဝ်း
ဇူလိုင် ၁၂၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တီကျစ်ကျေးရွာအုပ်စုတွင် လာရောက်ခိုလုံလျက်ရှိသည့် စစ်ရှောင်များ စားနပ်ရိက္ခာအထောက်အပံ့မရသည်မှာ ၁ နှစ်နီးပါးရှိလာပြီး အရေးပေါ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲ ကြောင့်အသက်ဘေးလွတ်ရာကိုတိမ်းရှောင် လာခဲ့ရသော်လည်း စားဝတ်နေရေးအတွက် အခက်ခဲများကြုံတွေ့နေရကြောင်းသိရသည်။
” အရေးပေါ်စားစရာလိုတာပေါ့နော်၊ နောက်ပြီးနေစရာတွေလည်းလိုနေသေးတယ်၊ စားဝတ်နေရေးဖြေရှင်းဖို့ အလုပ်အကိုင်အခက်အခဲလည်းရှိတာပေါ့နော်၊စစ်ရှောင်ထဲမှာ နာတာရှည်ရောဂါသည်တွေ ခွဲစိတ်ထားတဲ့သူတွေလည်းပါတယ်၊ သူတို့တွေက ဆေးလည်းမဝယ်သောက်နိုင်တော့ဘူး၊ ဆေးခန်းရက်ချိန်းတွေလည်း မသွားနိုင်တော့ဘူး” ဟု စစ်ရှောင် ကူညီသူ တစ်ဦးက ပြောသည်။
ရွာတွင်းနေထိုင်သည့် စစ်ရှောင်များက ပတ်ဝန်းကျင်အကူအညီဖြင့် ဖြေရှင်းခြင်း လည်းရှိသလို နေ့စားအလုပ်လုပ်ကိုင်၍ စားဝတ်နေရေးကိစ္စဖြေရှင်းသူလည်းရှိနေရကြောင်းသိရသည်။
” သူတို့စစ်ရှောင်လာတာ ၂ နှစ်လောက်ရှိပြီ၊အချို့ကလည်း ပတ်ဝန်းကျင်အကူညီလေး ရတာပေါ့၊စစ်ရှောင်စခန်းမှာဆိုရင်တော့ နေ့စားအလုပ်လုပ်ပြီး ဆန် ဆီဝယ်စားကြရတယ်၊အရင်နှစ်တွေက အလှူရှင် လာတယ်၊ ဒီနှစ်က အလှူရှင်တွေလုံးဝမလာတော့ဘူး၊ အလှူရှင်တွေလာရောက်ကူညီပေးရင်တော့ ဝမ်းသားရတာပေါ့”ဟု၎င်းက ဆက်ပြောသည်။
တီကျစ် ဒေသတွင်ရောက်ရှိသည့် စစ်ရှောင်းများသည် စစ်ရှောင်ဦးရေ ၇၀၀ ကျော်ရှိကြောင်းသိရသည်။
ထိုစစ်ရှောင်များသည် ကရင်နီပြည် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ လွိုင်လင်လေး မြို့နယ်နှင့် ရှမ်းပြည်နယ် မိုးဗြဲ၊ ဖယ်ခုံ မြို့နယ်များမှ လာရောက် စစ်ရှောင်ကြသူများဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီနှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်လာကြခြင်းဖြစ်ပြီး အများစုသည် ဒီမော့ဆိုမြို့နယ်ဘက်ကဒေသခံပြည်သူများဖြစ်ကြကြောင်းသိရသည်။
စစ်ရှောင်သူများထဲတွင် သက်ကြီးရွယ်အိုနှင့်ကလေးငယ် အများစုပါဝင်ပြီးအချို့သည် စားဝတ်နေရေးဖြေရှင်းရန်အတွက် ကလေးများအားနီးစပ်ရာထားကာ နိုင်ငံခြားသို့အလုပ်သွားရောက်လုပ်ကိုင်နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *