ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်တောင်သူများသည် မူလ၎င်းတို့၏မြေယာကို သိမ်းဆည်းသည့်စစ်တပ်က ယခုနှစ်တွင် များပြားသည့်အခကြေးငွေ အခွန်ပေးဆောင်ခိုင်းသဖြင့် တောင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
ဆီဆိုင်မြို့ရှိ စစ်တပ်က သိမ်းယူထားသည့်မြေယာများထဲတွင် မူလမြေပိုင်ရှင်များ၊ စိုက်ပျိုးရေးလုပ်တောင်သူများ ယခုနှစ်တွင် ပြောင်းမျိုးတစ်ထုပ်စိုက်ပျိုးလျှင် စစ်တပ်ကို ငွေတစ်သိန်းကျပ် အခွန်ပေးဆောင်မှသာ စိုက်ပျိုးခွင့်ရမည်ဖြစ်၍ မြေသိမ်းခံရသည့်တောင်သူများ စားဝတ်နေရေးအတွက် အခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
“တစ်နေ့ ၇၀၀၀ ကျပ် နဲ့နေ့စားလိုက်နေရတယ်။ အချို့က‌တော့ မျှစ်ရှာပြီး စားဝတ်နေရေးဖြေရှင်းရတယ်။ ခုတော့ ဆီဆိုင်မှာစစ်ရှောင်ရောက်တာလည်းများတော့ လူလည်းများတယ်။ အဲတာကြောင့် နေ့စားခလည်း အနိမ်ခံရတယ်။ လူခေါ်တာလည်းအရမ်းရွေးလာကြတယ်”ဟု ဆီဆိုင်‌ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယင်းမြေယာများသည် ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃၊ ၄၂၄ တပ်များက ၁၉၉၂ ခုနှစ်တွင် မြေဧက ၂၀၀၀ ကျော်ကို သိမ်းဆည်းထားခဲ့ပြီး ၂၀၁၉ ခုနှစ် ရောက်မှသာ စစ်တပ်သိမ်းယူခဲ့ကြောင်းကို တောင်သူများက သိခဲ့ရကာ တောင်သူများနှင့် စစ်တပ်အကြား မြေယာအငြင်းပွားမှုပြဿနာလည်း ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
မြေယာအငြင်းပွားမှုတွင် ပါဝင်ခဲ့သည့် တောင်သူ ၇၀ ဦး တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် တောင်သူ ၇၀ ဦးသည် အမှုရှုံးနိမ့်ခဲ့ကာ စစ်တပ်ကို လျော်ကြေးငွေ တောင်သူတစ်ဦးလျှင် ငွေကျပ် တစ်သောင်းစီ ဒဏ်ငွေပေးဆောင်ခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *