ခမ်းသားငေါဝ်း
ဇူလိုင် ၁၂၊ ၂၀၂၃
သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရသူမိသားစုထံ ရဲက DNA စစ်ချက် ငွေ လေးသိန်းတောင်းသည့်အတွက် တရားလို မိသားစု အခက်ကြုံနေရ ကြောင်း ဇူလိုင် ၁၂ ရက်က သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်တွင်သက်ငယ် မုဒိန်းမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူက တရားမျှတမှု ရရှိရန် ဘန်းယဥ် ရဲစခန်းကိုအမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။
ရဲစခန်းမှ သက်သေခိုင်လုံရန် DNA စစ်ဆေးမည်ကို ကျူးလွန်ခံရသူမိသားစုထံ ရဲက စစ်ဆေးခ(၄)သိန်းတောင်းသည့်အတွက် တရားလိုမိသားစုဘက်အခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။
“ ကျွန်တော်လည်း ပေးရတာလား မပေးရဘူးလား ဘာမှမသိဘူး။ သူတို့က အသွားအပြန်အတွက် လေးသိန်းတောင်းတယ် ကျွန်တော်က အခု ၁ သိန်းခွဲပဲ အရင်ပေးလိုက်တယ်။ ပိုတ်ဆံတော့မရှိဘူး ဒါပေမယ့် မပေးရင်လည်း ကျွန်တော်သမီးအတွက် အမှုကို ကောင်းကောင်းမလုပ်ပေးမှာလည်းကြောက်တယ်။ ” ဟု ကျူးလွန်ခံရသူ ကလေး ဖခင် ပြောသည်။
ကျူးလွန်ခံရသူ တရားလို မိသားစုက ဥပဒေလမ်းကြောင်း နားလည်မှုအားနည်းခြင်းကြောင့် ပိုပြီးအခက်ခဲဖြစ်စေကြောင်းသိရသည်။
ရှေ့နေတစ်ဦးက “တရားဝင်တောင်းရမ်းခွင့်တော့မရှိဘူး။ DNA စစ်ချက်က ဒီအမှုတစ်ခုဘဲ သွားစစ်တာမဟုတ်ဘူး အခြားအမှုတွေနဲ့ ပေါင်းပြီး စစ်တာမျိုးရှိတယ်။ ဘာလိုဒီလိုတောင်းတာလဲဆိုရင် တရားရုံးက ပေးတဲ့ စရိတ်မလောက်ဘူးဆိုရင် အမှုသည်ဆီကနေ နှစ်ဦးနားလည်မှုနဲ့ တောင်းတာမျိုးတော့ရှိတယ်။ အမှုသည်က DNA စစ်ချက်ကို အမြန်လိုချင်တယ်ဆိုရင် အများဆုံးပေးရတာက ၁ သိန်းလောက်ပဲကြားဖူးတယ်။ အခုဟာကတော့ အရမ်းများလွန်းပါတယ်” ဟု ခမ်းသားငေါဝ်း ကို ပြောသည်။
DNA စစ်ချက်ကို အမှုသည်တစ်ဦးအပေါ် ၄ သိန်း တောင်ရာတွင်အလွန်များလွန်းသည်ဟုလည်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူကဝေဖန်ပြောဆိုထားသည်။
“ ဒီဖြစ်စဉ်က မဖြစ်သင့်ပါဘူး တကယ်ဆိုရင် ကိုယ့်သားသမီးကလည်း မုဒိန်းကျင့်ခံရတယ်။ ရဲစခန်းက အမှုသည်အပေါ်မှာခေါင်းပုံဖြတ်အမြတ်ထုတ်တာမျိုးတော့ မဖြစ်သင့်ဘူး ပေါ့။ သူတို့အနေနဲ့ တက်နိုင်တဲ့ အမှုသည်ဆိုရင်တစ်မျိုးပေါ့လေ။ နှစ်ဦးနားလည် မှုအရ ပေးတယ်ဆိုပေမယ့် ဒါက လာဘ်စားမှုလို့ပဲမြင်တယ်။ “ ဟု အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ တစ်ဦးက ပြောသည်။
တချို့အမှုများသည် DNA စစ်ရာတွင် အစိုးရစရိတ်နှင့် စစ်ပေးရမည်ဟု ဖော်ပြထားသော်လည်း အမှုသည်မှ အမြန်လိုချင်သည်ဆိုပါက မိမိစရိတ်ဖြင့် အကုန်အကျခံကြလေ့ရှိသည်အပြင် အများအားဖြင့် မြန်မာနိုင်ငံတွင် DNAစစ်ရန် တော်ရုံမလျှောက်ကြသည်ကိုလည်းရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက် တွင် ၁၁ နှစ်အရွယ် ကလေးငယ်အား တစ်ရပ်ကွက်ထဲနေ ဦးထွန်အောင်မှ မုဒိန်းပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
#PPV 009

Leave a Reply

Your email address will not be published. Required fields are marked *