ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ပြင်သာယာရွာနှင့် ဟိုနမ်းဒေသ ကျေးရွာများတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေလျက်ရှိကြောင်း ယနေ့ဇူလိုင်လ(၁၁)ရက်နေ့တွင် သိရသည်။
ယခုရက်ပိုင်းများတွင် တုပ်ကွေး‌ရောဂါသည် တစ်ရွာပြီးတစ်ရွာဖြစ်၍ ရွာလုံးကျွတ်ဖြစ်နေကြကြောင်း၊ ဆေးရုံဆေးခန်းသွားရောက်သွားရောက်ကုသခြင်း မပြုလုပ်ကြပဲ ကျေးလက်‌ဆေးပေးခန်းများတွင် ကုသမှုခံယူနေကြကြောင်း သိရသည်။
“ခုတလောတုပ်ကွေးအရမ်းမိကြတယ် တစ်ယောက်ပြီးတစ်ယောက်ပဲ၊ ပြန်ကောင်းရင်လည်းနှစ်ရက်သုံးရက်ပဲ ပြန်ဖြစ်ကြတယ်။ ဆေးရုံဆေးခန်းတွေလည်းသွားမပြကြဘူး။” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
အချို့မိသားစုများတွင် ကုသရန် ဆေးဖိုးဝါးခမတတ်နိုင်သည့်အထိရှိကြပြီး အချို့မိသားစုတွင် အိမ်လုံးကျွတ်တုပ်ကွေးမိကြ၍ မိသားစုအတွက်ချက်ပြုတ်စားသောက်ရန်ပင် အခက်ခဲရှိနေကြကြောင်း သိရသည်။
“တုပ်ကွေးက အရွယ်သုံးပါးမရွေးဘူးဖြစ်ကြတယ်။ ပြင်းပြင်းထန်ထန်လားလည်း မဟုတ်ပြန်ဘူး။ အချို့ဆိုရင်တော့ ရက်ရှည်ဖျားတာတွေတော့ရှိတယ်” ၎င်းက ဆက်ပြောသည်။
ဟိုနမ်းဒေသ၊ ပူးယာစင်း ဒေသခံအမျိုးသားတစ်ဦးက “အခက်ခဲတွေတော့ရှိတာပေါ့၊ ရွာကဆရာတွေ မလောက်တော့တဲ့အချိန်ဆို အခြားရွာက ဆရာကို ခေါ်ရတော့ အချိန်အရမ်းကြာတယ်။ ပြီးတော့ ဆေးဝါးအလုံအလောက်လည်းမရှိကြဘူး၊ ဆေးရုံမှာကျ နေရာမဆံ့တာတွေလည်းရှိတယ်” ဟုပြောသည်။
ယခင်နှစ် ယခုအချိန်ကာလတွင် ဆရာဝန်များက ကျန်းမာရေးဆိုင်ရာ အသိပညာပေးများ လာရောက်‌ဟောပြောပေးခြင်းရှိခဲ့ပြီး ယခုနှစ်တွင်မူ လာရောက်ပညာပေးခြင်းမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *