ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၃၊၂၀၂၃
ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဒေသခံများနှင့် စစ်ဘေးရှောင်လာသည့် စစ်ရှောင် ၄၀၀၀ ကျော်တို့အပါ မိုးရာသီဖြစ်နေသော်လည်း သောက်သုံးရေရှားပါး‌နေဆဲကြောင့် အခက်ခဲများကြုံ‌တွေ့နေရကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ၎င်းဒေသရှိစစ်ရှောင်စခန်း၌ လာရောက်တိမ်းရှောင်နေရသည့် လူဦးရေများလာသည်အလျှောက် သောက်သုံးရေရှားပါးပြီး အခြေခံစားသောက်ကုန် ဆန် ဆီ ဆားများလည်း ပြတ်လပ်နေကြောင်း သိရသည်။
“ ဒီစခန်းထဲမှာ စစ်ရှောင်လာကြတာ လေးထောင်ကျော်လောက်ရှိတယ်၊ အခုက မိုးရာသီဆိုပေမယ့် ရေကရှားတာ လူများတော့အခက်ခဲဖြစ်စေတယ်၊ စားသောက်ကုန်ဖြစ်တဲ့ ဆန် ဆီ ဆားလည်း ပြတ်နေတယ်။ အလှူရှင်တွေ အရပ်ဖက်အဖွဲ့အစည်းတွေက ကူညီပေးနေကြလည်း သွားလာရေးက ခက်ခဲတော့ ပစ္စည်းအကန့်သတ်နဲ့ သယ်ရတာ အခက်ခဲဖြစ် နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကရင်နီ(ကယားပြည်)တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများပိတ်ဆို့ခြင်း၊ အလှူရှင်များသွားလာရာတွင် ပစ္စည်းသယ်ယူရာတွင် အကန့်အသတ်ဖြစ်သာ သယ်ခွင့်ပေးနေခြင်းကြောင့် စစ်ရှောင်ရော အလှူရှင်များအပါ သွားလာရေး ခက်ခဲနေရကြောင်း ၎င်းကဆက်ပြောသည်။
ကရင်နီပြည်အတွင်း နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိပြီး၊ စစ်ကောင်စီက လက်နက်ကြီးပစ်ချခြင်း လေကြောင်းဖြင့်ဗုံးကြဲခြင်းများကြောင့် ဒေသတွင်းပြည်သူများ ထောင်ချီထွက်ပြေးတိမ်းရှောင်ရကာ ရာသီဥတု၏ အခြေအနေကြောင့် အခက်ခဲဖြစ်နေရကြောင်းသိရသည်။
ရာသီအလိုက် ကျန်းမာရေးပိုင်းဆိုင်ရာများ စိုးရိမ်နေရပြီး ယခုကာလတွင်လည်း တုပ်ကွေးရောဂါဖြစ်မည်ကို အထူးစိုးရိမ်နေရကြောင်း ဆိုသည်။
ယခုဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီပြည် ဒေသခံပြည်သူများသည် ထိုင်းနယ်စပ်ဘက်တွင် ထောင်ချီထွက်ပြေးနေရကြောင်း သိရသည်။
ပုံ-karenni voice

Leave a Reply

Your email address will not be published. Required fields are marked *