ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၃၊၂၀၂၃
ကယား(ကရင်နီ)ပြည် ဖရူဆို‌ဒေသရှိ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ နှင့် အခြားအခြေခံ အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း ယနေ့ဇူလိုင်လ(၁၃)ရက်နေ့တွင် သိရသည်။
ထိုဒေသရှိ စစ်ရှောင်များသည် ဝင်ငွေမရှိကြဘဲ စားသောက်ရန် ဆန် ဆီ စားနပ်ရိက္ခာများ နှင့် နေရာထိုင်ခင်းများအခက်အခဲများရှိကြပြီး အချို့ဆန်ရှိသည့်လူကရှိပြီး မရှိသည့်သူများက ဆန်ရှိသူထံ ချေးစားနေကြရကြောင်း သိရသည်။
“ကျွန်မတို့က ဝင်ငွေမရှိတော့လေ ဒီတိုင်းပဲ ဆန်ရှိတဲ့လူဆီကနေ ချေးစားကြရတယ်။ တစ်ချို့ကတောင်ယာ လုပ်နိုင်တဲ့လူတွေဆိုတော့ သူတို့ဆီကိုနေ့စားလိုက်သွားပြီး၊ သူတို့ကဆန်ပြန်ပေးတာပေါ့။ ဝင်‌ငွေမရှိတော့ ဆန်ဝယ်စားဖို့ဆိုတာ အဆင်မပြေဘူး” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါသည်။
အချို့သက်ကြီးရွယ်အိုများက တစ်ယောက်တည်းရှိကြ၍ မလုပ်နိုင်မကိုင်နိုင်ကြဘဲ စစ်ရှောင်တာဝန်ခံများက ကိုယ်တော်ထံ အကူအညီတောင်းပြီး ကိုယ်တော်က အရေးပေါ်ဆန်ထားပေးရကြောင်း သိရသည်။
“ကျွန်မတို့လည်း ကိုယ်တော်နားမှာ အကူအညီတောင်းထားတာရှိတော့၊ ကိုယ်တော်က အရေးပေါ်ဆန်ဆိုပြီး ထားပေးထားတာရှိတယ်။ အရေးပေါ်ဆန်ဆိုပေမဲ့လည်း ပေးသင့်မပေးသင့် အခြေနေပေါ်မူတည်သေးတယ်။ သွားလာလုပ်ရှားနိုင်တဲ့လူကိုတော့ တောင်ယာလုပ်ခိုင်း၊နေ့စားတွေလိုက်ခိုင်းတာပေါ့။ ကျွန်မတို့က အဲလိုနဲ့ပဲ လည်ပတ်နေကြရတာ” ဟု ၎င်းကဆက်ပြောသည်။
အချို့မိသားစုဝင်များသည် ဆန်ရှိသည်နှင့် ကျေနပ်နိုင်ကြပေမဲ့လည်း ဟင်းချက်ရန် စားသုံးဆီများ မဝယ်စားနိုင်ကြသဖြင့် (၅)နှစ်အောက်ကလေးငယ်များ အဟာရပြည့်မီစွာ မစားသုံးရသောကြောင့် ကလေးငယ်များ အဟာရချို့တဲ့နေကြရကြောင့်သိရသည်။
စစ်ရှောင်တာဝန်ခံအမျိုးသမီးတစ်ဦးက “တဲဆောက်ဖို့ မိုးကာလည်းအလုံအလောက်မရှိဘူး။ တစ်ချို့ဆို တံတားအောက်မှာပဲ ဝင်အိပ်ကြရတယ်၊ တစ်ချို့ကြ သေသေရှင်ရှင် အိမ်မှာပဲပြန်အိပ်မယ်ဆိုတဲ့လူလည်းရှိတယ်” ဟုပြောပါသည်။
အချို့စစ်ရှောင်များက တဲဆောက်လုပ်ရန် မိုးကာအလုံအလောက်မရှိ၍ နေရာထိုင်ခင်းအတွက် အခက်အခဲများရှိပြီး ညဘက်အိပ်ချိန်တွင် တံတားအောက်သို့ ဝင်အိပ်ကြရကြောင်း၊ တံတားအောက်များတွင် ရေဝပ်များရှိရာမှ ခြင်ကိုက်ဒဏ်၊ အနံ့ဆိုးဒဏ်ကို မခံနိုင်သည့်အဆုံး သေရေးရှင်ရေးသည် အဓိကမဟုတ်တော့ပဲ ကိုယ့်အိမ်ကို ပြန်အိပ်ကြကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် စစ်ကောင်စီက မြေပြင်တပ်ကို အသုံးမပြုပဲ လေကြောင်းတပ်ကို အသုံးပြုလာသဖြင့် စစ်ရှောင်စခန်းများအပေါ် လေယာဥ်ခနခနဖြတ်သွားလာခြင်းများကြောင့် စစ်ရှောင်များ ကြောက်လန့်နေရပြီး သက်ကြီးရွယ်အိုပိုင်းများလည်း စိတ်ဖိစီးမှုများကြုံတွေ့နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *