ခမ်းသားငေါဝ်း
ဇူလိုင် ၁၀၊ ၂၀၂၃
ပအိုဝ်းပြည်သူများ ဥပဒေ ပိုင်းဆိုင်ရာအကူအညီ ရရှိနိုင်ရန် ဇူလိုင် ၉ ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ရုံးတွင် ပအိုဝ်းဥပဒေကူညီမှု အသင်းဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဓိက ပအိုဝ်းပြည်သူ လူထုများသည် မြန်မာနိုင်ငံမှ အတည်ပြု ပြဌာန်းထားသည့် ဥပဒေဆိုင်ရာ အသိပညာများနားလည်စေရန်၊ ပြဿနာများတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ညှိနှိုင်း ကူညီဖြေရှင်းပေးနိုင်ရန်နှင့် ဥပဒေနှင့် ဘွဲ့ရထားသော လူငယ်များ ဥပဒေ ဝါသနာရှင်များအား ဥပဒေဆိုင်ရာလုပ်ငန်းများ အသိပညာများဖွံ့ဖြိုးစေပြီး တစုတစည်းတည်းနှင့် အဖွဲ့တွင် ဆောင်ရွက်လုပ်ဆောင်နိုင်အောင် ရည်ရွယ်ထားသည့်ဟု သိရှိရပါသည်။
“တကယ်လို့ ပအိုဝ်းပြည်သူများ ဥပဒေဆိုင်ရာ အကူအညီများ လိုအပ်လာပါက ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ရုံးကို လာပြီး အကူအညီရယူလိုတဲ့ ကိစ္စရပ်များကို တိုင်ပင် ဆွေးနွေးအကူအညီရယူနိုင်ပါတယ်။ “ ဟု ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှု(ဗဟို) ဥက္ကဌ ခွန်ဝင်းကိုက ခမ်းသားငေါဝ်းကို ပြောသည်။
ယခင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ရုံးမှဖွဲ့စည်းထားသည့် ပအိုဝ်းဥပဒေအကျိုးဆောင်အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ကြောင်းသိရသည်။
လက်ရှိတွင် ပအိုဝ်းဥပဒေကူညီရေးအဖွဲ့ ကော်မတီထဲ တွင် အဖွဲ့ဝင်အပါအဝင် အယောက် ( ၃၀ ကျော်) ပါဝင်သည်ဟု သိရသည်။
“အခုကတော့ မြို့နယ်တိုင်းမှာရှိတဲ့ ဥပဒေပိုင်း ဝါသနာပါသူတွေကို အရင်ဦးစွာ စုစည်းပြီးမှ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲသွားမယ် ထွက်လာတဲ့ ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်တို့ လုပ်ငန်းဆောင်ရွယ်သွားမယ်” ဟု ၄င်းမှ ဆက်ပြောသည်။
ပအိုဝ်းပြည်သူများသည် ဥပဒေ ပညာရှင်နည်းပါးသည့်အပြင် ဥပဒေ အသိနည်းပါးသည့်အတွက် ဥပဒေ ကြောင်းဆိုင်ရာနှင့်ပတ်သက်ပါကအားကိုးရာ မဲ့နေကြကြောင်းသိရသည်။
ထို့အပြင်ပအိုဝ်းဒေသများတွင် ဥပဒေပိုင်းဆိုင်ရာအသိပညာများနည်းပါးမှုကြောင့် အချို့သော ကိစ္စရပ်များသည် လွဲလွဲချော်ချော်ဖြစ်နိုင်သည့်အပြင် ပြဿနာများဖြစ်လာနိုင်သည့်အတွက် ပအိုဝ်းပြည်သူများသည်သာမက အခြားသောပြည်သူများအားလုံးကို ပအိုဝ်းဥပဒေကူညီရေးအသင်းအနေဖြင့် အတတ်နိုင်ဆုံး အသိပညာပေးပြီး ဆောင်ရွက်သွားမည်ဟုသိရ သည်။
photo Credit