ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းဒေသတွင်းတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားနေပြီး ဥပဒေအကာအကွယ်ရယူရာတွင် လည်း အားနည်းနေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူပြောပြအချက်အရ သိရသည်။
လက်ရှိအချိန်တွင် နိုင်ငံရေးအခြေအနေကြောင့် ပြည်သူလူထုများသည် အမှုကိစ္စများဖြစ်ပွားလာပါက တရားရုံးသို့ သွားရောက်တိုင်ကြားမှု နည်းပါးပြီး မိမိဒေသတွင်း ဓလေ့ထုံးတမ်းအရဖြင့်သာ ဖြေရှင်းမှုများပြုလုပ်ကြကြောင်း သိရသည်။
“ကျွန်မတို့အနေနဲ့ ရှင်သန်ကျန်ရစ်(နစ်နာ)သူကို ကူညီတဲ့နေရာမှာဆိုရင် အဟန့်အတားဖြစ်တာက အကြမ်းဖက်ခံနေရတာကို မထုတ်ဖော်ချင်ကြဘူး။ ပြီးတော့ တရားဥပဒေနဲ့သွားရင်လည်း အခုလက်ရှိအနေအထားအရ တရားရုံးက ပြစ်မှုကျူးလွန်တဲ့သူကို အရေးတယူ ဖမ်းဆီးပေးတာမျိုးမရှိတော့ဘူး။ ကိုယ်က တရားခံဒီမှာရှိပါတယ် လို့ပြောရင်တောာင် အရေးတယူမလုပ်ပေးဘူး ကြာတော့ တိုင်တန်းတဲ့သူအတွက် လုံခြံရေးစိုးရိမ်ရတယ်။ “ ဟု အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူက ခမ်းသားငေါဝ်းကို ပြောသည်။
ပအိုဝ်းဒေသတွင်း နေရာအတော်များများတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဖြစ်ပွားပါက ရှက်စရာ ကိစ္စရပ်တစ်ခုဟု သတ်မှတ်လေ့ရှိပြီး ထုတ်ဖော်ပြောကြားတိုင်တန်းမှု အလွန်အားနည်းခြင်းကြောင့် ပြစ်မှုကျူးလွန်သူသည် ပြစ်ဒဏ်ကင်းလွတ်မှု ရနေကြောင်း သိရသည်။
“ရွာမှာ တကယ်လို့ ဓလေ့ထုံးတမ်းနဲ့ ဖြေရှင်းရင်တော့ ပိုမြန်တာမျိုးတော့ဖြစ်တယ် တစ်ခုက ပြစ်မှုကျူးလွန်တဲ့သူကို တိတိကျကျ အပြစ်ပေးအရေးယူမှုပိုင်းမှာ အားနည်းနေသေးတာပေါ့။” ဟု ၄င်းက ဆက်ပြောသည်။
စစ်ပွဲပဠိပက္ခကြား၊ လက်နက်ကိုင်များ၊ အာဏာရှိသူများမှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ဖြစ်ပွားပါက မှတ်တမ်းအဖြစ်သာ ရယူထားနိုင်ပြီး ဥပဒေအရ အကူအညီပေးရာတွင် အဟန့်အတားများစွာရှိ နေကြောင့် သိရှိရပါသည်။
ရှေ့နေတစ်ဦးကလည်း “အမျိုးသမီးအပေါ်အကြမ်းဖက်မှု တစ်စုံတစ်ခုဖြစ်ပြီးဆိုရင်တော့ တရားဥပဒေနဲ့သွားရင်တော့ တိတိကျကျ အပြစ်ပေးအရေးယူနိုင်တာပေါ့။ ဓလေ့ထုံးတမ်းကျတော့ တိတိကျကျအပြစ်ပေးအရေးယူတာမျိုးမရှိတော့ ပြစ်ဒဏ်ကျူးလွန်သူက အကြိမ်ကြိမ်ပြန်လည်ကျူးလွန်တာမျိုးရှိတာပေါ့ “ ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားရုံးမှ တရားစီရင်ရာတွင် အချိန်ကြန့်ကြာခြင်း၊ ကုန်ကျစာရိတ်ကြီးမားခြင်းများကြောင့် အမှုသည်များသည် တရားရုံးတွင် အမှုဖွင့်သူများ နည်းပါးလာကြောင်းသိရှိရပါသည်။
ပြစ်မှုကျူးလွန်သူသည် ပြစ်ဒဏ်ကင်လွတ်ခွင့်ရနေခြင်းကြောင့် လူမှုအသိုင်းအဝိုင်းများတွင် နေ့စဉ်နှင့်အမျှ ကျား-မ အခြေပြုအကြမ်းဖက်မှုများ မြှင့်တင်နေဆဲ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *