ခမ်းသားငေါဝ်း
ဇူလိုင်လ ၇၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် နိုင်ငံကူးလက်မှတ် – ပတ်စပို့ ပြုလုပ်သူများက ပွဲစားများထံမှတစ်ဆင့် ပြုလုပ်နေရပြီး ပြုလုပ်ခသည် တလထက်တလ ပိုဈေးကြီးလာနေကြောင်း ပြုလုပ်သူတစ်ဦးထံမှ သိရှိရပါသည်။
“ ကျွန်မလုပ်တုန်းက ၃ သိန်းခွဲကုန်တယ် သိပ်မကြာဘူး ၁၀ ရက်လောက်နေတော့ ၄ သိန်းခွဲဖြစ်သွားတယ်။ ပွဲစားနဲ့မလုပ်ခင်က ကိုယ်တိုင်ဘဲလုပ်ဖို့သွားခဲ့သေးတယ်။ အဲမှာ အစောင့်လား အရာရှိလား မသိဘူး။ အခုလုပ်လို့မရ‌တော့ဘူးတဲ့ ၅ လပိုင်း ၁၆ရက်ကတည်းက ပိတ်လိုက်ပြီးလို့ပြောတယ်။ လုပ်ချင်ရင် ၁၁ လပိုင်းကုန်လောက်မှ လာဖို့ပြောတယ်။ နောက်တော့ ပွဲစားနဲ့ချိတ်တော့ လုပ်လို့ရသွားတယ်။ ပိုက်ဆံရဖို့ တစ်ကွက်လှည့်စားလိုက်သလိုပါပဲ။ “ ဟုရွာငံမှ ပတ်စပို့ ပြုလုပ်သူတစ်ဦးက ပြောသည်။
ဇွန်လတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်သူများသည် ၂ ပတ်အတွင်းပြုလုပ်ပါက စာအုပ်တစ်အုပ်အား ၃သိန်းမှ ၄သိန်းအထိ ပေးဆောင်ရပြီး ၅ရက်အတွင်းရလိုပါက ၅သိန်းပေးရကြောင့် သိရှိရပါသည်။
စစ်ကောင်စီသည် ရန်ကုန်ရုံးတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှစပြီး ကြိုတင်တိုကင်စနစ်ကို ရပ်ခဲ့ပြီးနောက် ကျန်ရှိအခြားမြို့များ၌ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ကြန့်ကြာမှုများဖြစ်လာ စေခဲ့ကြောင်း သိရှိရသည်။
“ကျမက ၅လပိုင်းမှာ ကိုယ်တိုင်လုပ်တာ ၁ လကျော်ကျော်စောင့်ရတယ် ၇ သောင်းကုန်တယ်။ ရုံးကို ၃ကြိမ်သွားရတာပေါ့။ စ သွားတုန်းကတော့ သူတို့က အမြန်နည်းလုပ်ချင်ရင် ပိုတ်ဆံတော့ပို့ပေးရမယ်ပြောတယ်။ အဲချိန်တုန်းက ၃ သိန်းခွဲရှိတယ် အခုတော့ ဈေးတက်နေပြီး” ဟု ပင်လုံမှ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတစ်ဦးက ပြောသည်။
ပတ်စပို့ ရုံးဝန်ထမ်းများကလည်း ပွဲစားများနှင့် မလုပ်လုပ်ဖြစ်အောင် ကိုယ်တိုင်ပြုလုပ်ရာတွင် အမျိုးမျိုး အချိန်ဆွဲခြင်း၊ ရစ်ခြင်းများ၊ ခွဲခြားဆက်ဆံခြင်းများ လုပ်လေ့ရှိကြောင်း ‌တောင်ကြီးမြို့ခံ တစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသအတွင်းအလုပ်အကိုင်အခွင့်အလမ်းများနည်းပါးခြင်းကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်သည့် လူငယ်များ အများအပြားရှိလာပြီး ပတ်စပို့ရရှိရန်အချိန်ပြည့် ပတ်စပို့လာလုပ်ကြကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *