ခမ်းသားငေါဝ်း
ဇူလိုင်လ ၆၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ မူးယစ်‌ဆေးဝါး သုံးစွဲရောင်းဝယ်သူ (၈၀)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု PSLF/TNLAက ယမန် နေ့ ဇူလိုင် ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊
မူးယစ်ဆေး သုံးစွဲရောင်းဝယ်သူများကို ဇွန်လ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့ထိ ၁၅ ရက်အတွင်း PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည် ဟုဖော်ပြထားသည်၊၊
ဖမ်းဆီးရမိသူများသည် မူးယစ်ဆေးရောင်းဝယ်သူ(၇)ဦးနှင့် သုံးစွဲသူ (၇၃)ဦး ဖြစ်ကြောင်း သိရသည်၊၊
အဆိုပါ (၈၀)ဦးသည် တအာင်းလူမျိုး(၂၉)ဦး၊ ရှမ်းလူမျိုး(၂၀)ဦး ၊ကချင်လူမျိုး(၇)ဦး၊တရုတ်လူမျိုး(၁၃)ဦးနှင့်မြန်မာလူမျိုး(၄)ဦးများအပါအဝင် ရောင်းဝယ်သူ(၇)ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊
ထိုသို့ ရောင်းဝယ်သုံးစွဲသည့်နေရာရှိ တဲနှင့်အသုံးအဆောင် ပစ္စည်းများကိုလည်း PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့မှ
မီးရှို့ဖျက်ဆီးခဲ့သည် ဟုဆိုပါသည်၊၊
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၇)ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
မူးယစ်ဆေးသုံးစွဲသူများကိုလည်း အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ပြီး အကျင့်စာရိတ္တကောင်းမွန်အောင်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်၊၊
ပြီးခဲ့သည့် ဇွန်လ(၂၆)ရက် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် PSLF/TNLAမှ (၅)နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိထားသည့် ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း(၉၀၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူ(၁၅)ဦးကိုလည်း အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပြီးနောက် ဇွန်လ(၂၉)ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်၊၊
ပုံ-#TNLA

Leave a Reply

Your email address will not be published. Required fields are marked *