ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းစံကားဒေသရှိ အနောက်ဖက်တစ်ကျောကျေးရွာများတွင် PNA ပြည်သူ့စစ်အဖွဲ့မှ ဒေသခံရွားသားများကို တပ်သားစုဆောင်းမှုများပြုလုပ်နေကြောင်း ဇူလိူင်လ ၁၁ ရက်နေ့တွင်သိရသည်။
PNA ပြည်သူ့စစ်သည် အင်းစံကားဒေသရှိ ကျေးရွာမျာကို ကျေးရွာတစ်ရွာလျှင် လူ(၅) ဦး ပေးရမည်ဟုဆိုပြီး မပေးနိုင်ပါက ငွေ (၃၀၀၀၀)ကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။
” ရပ်ရွာလုံခြုံရေးအကြောင်းပြပြီး တစ်ရွာဘယ်နှစ်ယောက်ပေးရမယ်၊ မပေးနိုင်ရင် တစ်လကို တစ်အိမ်(၃၀၀၀၀)ကျပ်နှုန်း ကောက်တယ်။ သူတို့ရဲ့အုပ်စုမှူးတွေရှိတယ်။ အုပ်စုမှူးကနေ ရွာလူကြီးကိုရပ်ရွာလုံခြုံရေးအတွက် ဘယ်လောက်လိုချင်တယ်ဆိုပြီး ပြောတာပေါ့၊ အင်းသားရွာတို့ ရှမ်းရွာတို့ကတော့ ပိုက်ဆံပဲထည့်ပေးကြတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငဝ်းကိုပြောသည်။
တပ်သားစုဆောင်းမှုထဲ မသွားလိုသည့်သူများက ထိုင်းနိုင်ငံသို့ ထွက်သွားပြီး သွားရောက်အလုပ်လုပ်ကိုင်သူများရှိသကဲ့သို့ ကျသင့်ငွေပေးသူများလည်းရှိကြောင်း သိရသည်။
” ကျတော်အနေနဲ့ ဒီကိစ္စဟာ ဘယ်လိုမှ မဖြစ်သင့်ဘူး၊ အခုလည်းစစ်ကောင်စီနဲ့ တွဲပြီးတော့စစ်ဆင်ရေးတွေ လုပ်နေတာကို လုံးဝသဘောမကျဘူး။ ဘာရည်ရွယ်ချက်နဲ့လုပ်နေလဲ မသိဘူး၊ဒီကိစ္စနဲ့ပတ်သက်ရင် ဘယ်သူမှ လက်မခံချင်ကြဘူး၊ ပြန်မပြောရဲတာပဲရှိတယ်၊ ပြန်ပြောရင်လည်း ကိုယ့်ရပ်ကိုယ့်ရွာ ကာကွယ်ရေးအတွက်လုပ်နေတာကို မပံ့ပိုးချင်ဘူးလား၊ မကူညီချင်ဘူးလားနဲ့၊ စိတ်ပျက်စရာကောင်းတယ်”ဟု ၎င်းက ဆက်ပြောသည်။
စစ်သားစုဆောင်းမှုကိစ္စနှင့်ပတ်သက်ပြီး PNO တာဝန်ရှိသူ ဦးခွန်ထွန်းရွှေက ” သူတို့ဒေသနှင့် သူတို့ရှိတာပေါ့၊ ကျနော့်အနေနဲ့ အားလုံးမသိနိုင်ဘူး” ဟု
ခမ်းသားငေါဝ်း ကို ပြောသည်။
ယင်းဒေသတွင်၂၀၁၃ ခုနှစ်က တစ်ရွာ(၂)ယောက်စုဆောင်းမှုရှိခဲ့ပြီး၂၀၂၂ ခုနှစ် နှစ်ဝက်လောက်မှစပြီး ထပ်မံစုဆောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *