ခမ်းသားငေါဝ်း
ဇူလိုင်လ ၅၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းပေါ်တွင် ရုံးဖွင့်ထားသည့် ရာခိုင်နှုန်းဖြင့်ငွေတိုးပေး Invescog Management ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း၂၀ ဘီလီယံကျော် လိမ်လည်ထွက်ပြေးသွားကြောင်း သိရသည်။
” မနေ့မနက် ၁၀ နာရီအထိ ဆက်သွယ်လို့ရတယ်၊ အဲနောက်ပိုင်း မရတော့ဘူး၊ CEOနဲ့ ရုံးဝန်ထမ်းတွေက ည ၁၁ နာရီအချိန်ထိ အစည်းအဝေးလုပ်ခဲ့ကြတယ် ပြောတယ်၊ သူ့ဆီမှာ ထူးခြားတဲ့အမူအယာလည်း မတွေ့ရဘူး၊ ဒါပေမယ့် သူ့ဖက်ကအမေရိကန်ဘက်က ဘဏ်အကောင့် ဘာကြောင့်ပိတ်တာလဲ မပြောနိုင်ဘူး၊ ကြေငြာစာလည်း မပြဘူး၊ သူပေးတဲ့အချက် အလက်တွေက မခိုင်မာနေဘူး “ဟုထည့်ဝင်သူတစ်ဉီးထံမှ သိရသည်။
ထိုလုပ်ငန်းစဉ်ကို ကိုကျော်ဇင်ထက်(CEO)မှ ဉီးစီးကာ ဘုတ်ဒါရိုက်တာ ၄ ဉီးဖြင့် ၂၀၁၈/၂၀၁၉ တွင်စတင်လည်ပတ်ခဲ့ပြီး အတိုးနှုန်းပုံမှန် ပြန်လည်ပေးနေခြင်းကြောင့် ထည့်ဝင်သူများလာခြင်းဖြစ်သည်ဟု ငွေကြေးထည့်ဝင်သူတစ်ဉီးက ပြောသည်။
” မောင်လေးဝမ်းကွဲကလည်း အဲကုမ္ပဏီမှာအလုပ်လုပ်တယ်ဆိုတော့ ယုံမိတာပေါ့၊ ၂၀၂၂ ခုနှစ် ၇ လပိုင်းမှ စထည့်ခဲ့တာ၊ ၁၅ သိန်းနဲ့စထည့်ခဲ့တာ ၈ %ရတယ် သူငယ်ချင်းတွေလည်းအတူတူလိုက်ထည့်ကြတယ်၊ စာချုပ်ကို ၄ လတစ်ကြိမ် ချူပ်ရတယ်၊ စာချုပ်ပြည့်ပြီဆိုရင် အသစ်ထပ်ချုပ်ရတယ်၊ ရုံးကလည်း အတိုးနှုန်းပုံမှန်ထုတ်ပေးခဲ့တယ်၊ ၄ လပိုင်း ၁၄ ရက်နေ့ကတောင် ရှယ်ယာထုတ်ရောင်းခဲ့သေးတယ်၊ ညီမက ၁၅၀ လောက်ပါသွားတယ်၊ ထောင်ချီပါသွားတဲ့လူတွေလည်းရှိတယ်” ဟုငွေကြေးထည့်ဝင်သူတစ်ဉီးက ပြောသည်။
ကုမ္ပဏီဘက်မှ ငွေကြေးထည့်ဝင်ဖို့ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ငွေတိုက်စာချုပ်ဝယ်ခြင်း၊ ရေနံဝယ်ခြင်း၊ နိုင်ငံကြီး ၅ နိုင်ငံမှငွေကြေး စျေးကွက်ကစားခြင်း နှင့် စတော့ရှယ်ယာစျေးများ လဲလှယ်ခြင်းဖြင့် ငွေအစားထိုးပြန်ရမည်ဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့ကရှင်းပြခဲ့သည်ဟု သိရသည်။
“လူအယောက် ၁၂၀၀ လောက်ရှိမယ်၊ ငွေကတော့ ၂၀ ဘီလီယံလောက်ရှိမယ်၊ ၅ သိန်းကနေစထည့်လို့ရတယ်၊ ၃ လပိုင်း ၅ ရက်နေ့အထိပါဝင်သူများကို သိန်း ၁၀၀ ထည့် ၈ %ရတယ်၊ သိန်း ၅၀ ဆိုရင် ၇%၊ သိန်း၂၀ အောက်ဆိုရင် ၆% ပေးတယ်၊ နောက်ပိုင်းထည့်တဲ့သူဆိုရင် သိန်း ၁၀၀ ထည့် ၆% ပဲရတယ်” ဟု ထည့်ဝင်သူကဆက်လက်ပြောသည်။
လက်ရှိတွင် CEOဖြစ်သူ ကိုကျော်ဇင်ထက်နှင့် ဇနီးဖြစ်သူတို့ထွက်ပြေးသွားပြီး ဒါရိုက်တာဖြစ်သူ ၂ ဉီးကို ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း သိရသည်။
ဒါရိုက်တာ ဖြစ်သူသည် အမည်ခံသာရှိပြီး လက်တွေ့အလုပ်လုပ်သူက CEO သာဖြစ်ကြောင်းနှင့် ငွေကြေးလိမ်လည်ရာတွင် ဝန်ထမ်းများ၏ ငွေများပါ ပါသွားကြောင်း သိရသည်။
“နောက်ထပ်ဒီလို ကုမ္ပဏီတွေပေါ်လာရင် မယုံကြပါနဲ့၊ % တွေကိုလည်းမမက်ကြပါနဲ့၊ မရှိမဲ့ရှိမဲ့ ပင်စင်လစာတွေ အိမ်တွေ ရွှေတွေရောင်းပြီး ငွေကြေးမရင်းနှီးကြပါနဲ့၊ သင်ခန်းစာယူကြပါ” ဟု ထည့်ဝင်သူကအကြံပြုထားပါသည်။
ရာခိုင်နှုန်းဖြင့်ငွေတိုးပေး Invescog Management ကုမ္ပဏီရုံးကိုလည်း ဇူလိုင် ၄ ရက်နေ့က ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ အင်းလေးဒေသတွင် လုပ်ငန်းစဉ်အကြောင်းပြကာ ငွေကျပ်သိန်းပေါင်း ၁ သိန်း၄သောင်း လိမ်လည်မှုဖြစ်ပွားခဲ့ပြီး မတ်လ ၂၈ ရက်တွင်လည်း ညောင်ရွှေမြို့နယ်တွင် ငွေကြေးသိန်းပေါင်း ၈ ထောင်ကျော်လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
photo CJ

Leave a Reply

Your email address will not be published. Required fields are marked *