ခမ်းသားငေါဝ်း
ဇူလိူင် ၂၊ ၂၀၂၃
ကရင်နီလူမျိုးပေါင်းစုံံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ/KNPLF)မှ ပြည်သူအားမတရားဖိနှိပ်သည့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဟု တရားဝင်ထုတ်ပြန်ကြေညာသည်ကို KNDFမှ ဝမ်းမြောက်ကြိုဆိုဂုဏ်ပြုကြောင်းသိရသည်။
ဇွန်လိုင်လ ၁၃ ရက်နေ့မှစပြီး KNPLF(ကလလတ)မှ ပါဝင်ဆင်နွဲသော မယ်စဲ့မြို့နယ်တိုက်ပွဲများသည် နွေဦးတော်လှန်ရေးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏နိုင်ငံရေးဖြစ်စဥ်အား အချိုးကွေ့တစ်ခု ခွန်အား ဖြစ်စေခဲ့ကြောင်းKNDF ထုတ်ပြန်ထား သည်။
ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော BP-13တပ်စခန်း၊BP-14တပ်စခန်း၊BP-15တပ်စခန်း မယ်တနွယ်တပ်စခန်း၊BP-16 တောင်လှတပ်စခန်း၊မယ်စဲ့ဗျူဟာတပ်စခန်းနှင့် မယ်စဲ့မြို့မှရဲစခန်းတို့ကို ရက်သတ္တပတ်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခြင်းသည် ကလလတ/KNPLF ၏ ကောင်းမွန်သော စစ်ရေးဦးဆောင်မှုစွမ်းရည်ကို ပြသခဲ့ပြီး ကရင်နီပြည်တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုကိုမြင်သာစေခဲ့ခြင်း ဖြစ်သည်ဟုလည်းပြောဆိုထားသည်။
ကလလတ/KNPLF မှ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဟု တရားဝင်ထုတ်ပြန်ချိန်မှစ၍ တစ်ဖန်စတင်ပြီဖြစ်သော တော်လှန်ရေးခရီးတွင် KNDF သည် ကရင်နီပြည်လူမျိုးပေါင်းစုံ တော်လှန်ရေးအင်အားစုများ ညီညွတ်ရေးကို ဦးထိပ်ထား၍ လည်းကောင်း၊ စစ်ကောင်စီကို ကရင်နီပြည်လက်နက်ကိုင်အဖွဲ့အစည်းများ စုစည်းတိုက်ပွဲဝင်ရေး အတွက်လည်းကောင်း၊ အခြားသောတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းတိုက်ပွဲပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် KNDF အမြူတေတပ်ရင်းများကို စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း ၊KNDF အပါအဝင်လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို KNPLF /ကလလတ၏ထိန်းချုပ်နယ်မြေများတွင် အခြေချခွင့်ပေး ခြင်း စစ်ရေး၊နိုင်ငံရေးအကူအညီပေးခြင်းများကို KNDF အနေဖြင့်ရ ရှိခဲ့ပါသည်။
စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် အာဏာရှင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် လူအခွင့်ရေးထွန်း ကားရေး ၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နှင့် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စသည့်နိုင်ငံရေးရည်မှန်းချက်များကို ပြည့်မြောက်သည့်တိုင် အတူတစ်ကွဆက်လက်ချီတက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
#PPV-006