ခမ်းသားငေါဝ်း
ဇူလိုင်လ ၁၊၂၀၂၃
ကယား (ကရင်နီ)ပြည်အနှံတွင် တိုက်ပွဲများပြင်းထန်လာမှုကြောင့် ဒေါတမကြီးမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်မှ ဒေသပြည်သူများသည် လွိုင်ကော်မြို့ပေါ်သို့ အများအပြားစစ်‌ ရှောင်လာကြသည်ဟု သိရှိရသည်။
ယခု လွိုင်ကော်မြို့ပေါ် စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ တစ်သောင်းလေးထောင် ကျော်ရှိပြီး စစ်ရှောင်စာရင်းများ ဆက်လက်ကောက်ယူနေဆဲဖြစ်သည်ဟု သိရှိရသည်။
စစ်ရှောင်များသည် ရုတ်တရက် စစ်ရှောင်လာရခြင်းကြောင့် ကိုယ်တစ်ခု အဝတ်တစ်ထည်သာ ပါရှိပြီး သွားလာရေး၊ စားသောက်ရေး၊ အမျိုးသမီးလစဉ်အသုံးအဆောင်များ၊ လိုအပ်နေကြောင်း သိရသည်။
“သူတို့က စစ်ရှောင်လာတာ ဘာမှမပါကြဘူး။ စားဖို့သောက်ဖို့ နေဖို့ အခက်ကြုံတွေ့နေရတာမျိုး၊ အချို့ကျတော့ အမျိုးတွေရှိရာမှာ သွားနေကြတယ်။ အခု ဒီမှာ နေစရာတော့ရှိပြီး ကျန်တဲ့ စားသောက်ရေးပိုင်း၊ အခင်းတို့ စောင်တို့ အခြေခံအသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေသေးတယ်။ “ ဟု စစ်ရှောင် ကူညီသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ရှောင်များတွင် အမျိုးသမီးငယ်များ၊ ကလေးများ၊ သက်ကြီးရွယ်အိုများ အများဆုံးဖြစ်ပြီး ‌‌ကျား – မ ဦးရေများကိုမှု အတိအကျ မသိရှိရသေးကြောင်း ၄င်းက ဆက်လက်ပြောသည်။
ယခုရက်ပိုင်းများတွင် ကယား(ကရင်နီ)ပြည်အတွင်းစစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေး အခြေအနေ တင်းမားနေပြီး အချို့မြို့နယ် တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *