ခမ်းသားငေါဝ်း
ဇူလိုင်လ ၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ် ဒေသခံတောင်သူများ မြေသြဇာအတုများဝယ်သုံးမိ၍ စိုက်ပျိုးပင်များ ပျက်စီးပြီးအခက်အခဲကြုံ‌ တွေ့နေကြရကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ပင်လောင်းဒေသရှိ စိုက်ပျိုးတောင်သူများသည် မြေသြဇာအတု‌‌ ရောင်းချမှုများကို ဝယ်ယူအသုံးပြုမိ၍ စိုက်ပျိုးသီးနှံများ အထွက်နှုန်းနည်းခဲရပြီး စိုက်ခင်း စိုက်ပျိုးပင်များ အတော်များများ ပျက်စီးကုန်သည်အထိ ဆုံးရှူံးခဲ့ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“အရင်က ကိုယ်ဝယ်‌နေကျ ဖောက်သည်ဆီ သွားဝယ်တာတောင် အတုနဲ့ မိတယ် အရမ်းဆိုးတယ် တင်ပို့လာကတည်းက အတုပါလာထင်တယ် အတုကအရမ်းသိသာတယ် သုံးရင်ဘာအာနိသင်မှ မရှိဘူး။ တစ်ချို့ဆို အဲဒီမြေသြဇာသုံးမိလို့ စိုက်ထားတဲ့ပျိုးပင်‌တွေ သေသွားတဲ့အထိတောင် ဖြစ်သွားရတယ်”ဟု ပင်လောင်းဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယင်းအခြေအနေများကြောင့် ပင်လောင်းဒေသခံ စိုက်ပျိုးတောင်သူများသည် ယခုနှစ်တွင် နွားချေး ကြက်ချေး ကျွဲးချေး မြေမီးရှို့ပြာ နည်းလမ်းများကို ပိုမိုအသုံးပြုလာကြကြောင့် ၎င်းသူက ဆက်ပြော သည်။
ပင်လောင်းဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်လာရာ ယခု ကဲ့သို့ ဈေးကြီးပေးဝယ်ရသည့် မြေသြဇာများကို မြေဩဇာအတုများနှင့် ကြုံတွေ့နေရခြင်းကြောင့် စိုက်ပျိုးရေးလုပ်တောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။