ခမ်းသားငေါဝ်း၊ ဇွန်လ ၂၀၊၂၀၂၃
ရောက်ရှိမည့် ဇွန်လ ၂၁ ရက်နေ့ ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကရင်နီပေါ်ပေါက်ရေးသည် ရောက်ရှိသည့်နေရာ၌ အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပေးပို့သည့်သဝဏ်လွှာတွင် မှာကြားသည်၊၊
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီအပါအဝင် အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများကို စစ်ကောင်စီက သာလွန်အင်အားများဖြင့် လက်နက်ကြီးအတွဲလိုက်ပစ်ခတ်ခြင်း၊ ဒုံးကျည်များအသုံးပြုရုံသာမက တိုက်လေယာဥ် စစ်လေယာဥ်များဖြင့်ပါ အပစ်မဲ့ပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဆက်တိုက်ပြုလုပ်ကြောင်း ပြောထားသည်၊၊
ပြည်သူလူထုများသည် စစ်ကောင်စီတပ်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခံရခြင်းများကို ဆက်တိုက်ခံစားနေရကြောင်းတွေ့မြင်ရသည်ဟုဆိုထားပါသည်၊၊
လက်ရှိကရင်နီပြည်နယ်တွင် ပြည်နယ်လူဦးရေး၏ ၃ပုံ၂ပုံသည် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စစ်ရှောင်ဘဝအဖြစ်ခက်ခက်ခဲခဲနေထိုင်ကြရလျက်ရှိသည်၊၊
ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ကရင်နီပြည်အစိုးရ၊ ဝန်ကြီးဌာနများအနေဖြင့် ပြည်သူ လူထုတို့၏ ဘဝလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေသကဲ့သို့ စစ်ရှောင်များအတွက် စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေး များကိုလည်းအတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်၊၊
ကရင်နီပြည်နှင့် ကရင်နီပြည်လူထုတို့၏ လုံခြုံရေး၊ကာကွယ်ရေးအတွက် ကရင်နီပြည်အစိုးရ၊ကရင်နီတပ်မတော်မှ စစ်ရေးအရဦးဆောင်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ဒေသခံကာကွယ်ရေးတပ်များ၊ကရင်နီအမျိုးသားကာကွယ်ရေးတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် တိုက်ပွဲဝင်နေသည်ဟု ဆိုသည်၊၊
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် အခြားနိုင်ငံရေးအင်အားစုများ၊နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊အမျိုးစားညီညွှတ်ရေးအစိုးရ(NUG)တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု KNPP က ဆိုသည်၊၊
စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ကရင်နီပြည်ဖြစ်ပေါ်လာရေးအတွက် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာသော လူနေမှုဘဝကို အမြန်ဆုံး ပြန်လည်တည်ဆောင်နိုင်ကြပါစေကြောင်း သဝဏ်လွှာကိုရေးသားပေးပို့သည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *