ခမ်းသားငေါဝ်း၊ ဇွန်လ ၁၇၊၂၀၂၃
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှ ယနေ့အချိန်ထိ အမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်ခံရမှု ၅၉ မှုအထိရှိကြောင်း မြန်မာအမျိုးသမီးများသမ္မဂ (BWU) ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၃၆)မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် ကာမလိမ်လည်မှု (၂၃)မှုရှိပြီး အကြမ်းဖက်မှုစုစုပေါင်း (၅၉)မှု ရှိ‌ခဲ့သည်။
“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အမြဲထောက်ပြပြောဆိုတာတွေရှိတယ်။ အမှုမှန်ရရှိရေးအတွက် ကူညီလုပ်ဆောင်တာမျိုး၊စည်းရုံးလုပ်ဆောင်တာလည်းရှိတယ်။ ဒီလိုအမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတော့ လုံးဝလက်သင့်မခံဘူး၊အခုလိုစာတမ်းထုတ်တာဟာ မူအပေါ်ရပ်တည်ပြီး လုပ်ရခြင်းဖြစ်တယ်”လို့ BWU တွဲဖက်အတွင်းရေးမှူး မဇူးကဆိုပါသည်။
ပဋိပက္ခဖြစ်ပွားရာ ကရင်နီ(ကယား) ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့ကို ဦးတည်၍ဖော်ထုတ်မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
BWU ထုတ်ပြန်ချက်အရ စစ်တပ်မှကျူးလွန်သည့် အမှု၊ အခြားလက်နက်ကိုင် အဖွဲ့က ကျူးလွန်သည့်အမှုနှင့် အရပ်သားအချင်းချင်းကြား ကျူးလွန်သည့်အမှု ဟု ကဏ္ဍသုံးခုခွဲခြားတင်ပြထားသည်။
အာဏာသိမ်းမှုဆန့်ကျင်သည့် ဒေသအခြေစိုက်(PDF)များကလည်း စစ်ကောင်စီကဲ့သို့ပင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၄ မှုကျူးလွန်ထားကြောင်း BWU ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *