ခမ်းသားငေါဝ်း၊ ဇွန်လ ၂၀၊၂၀၂၃
စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ကျောင်းသား‌ ကျောင်းသူများအတွက် ရည်ရွယ်ကာ တအောင်းမြေတက္ကသိုလ် ပထမနှစ်သင်တန်းကို ၂၀၂၄ တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအောင်းအမျိုးသားပညာရေးကော်မတီ TNEC ကထုတ်ပြန်ထားသည်။
တအောင်းမြေတက္ကသိုလ်တက်ရောက်မည့်ကျောင်းသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ (BECA) အောင်မြင်ပြီးသူများနှင့် ၂၀၂၁ခုနှစ်စစ်အာဏာမသိမ်းမှီ ကာလတွင် အခြေခံပညာပြီးမြောက်သူများ တက်ရောက်နိုင်မည်ဟု ပါရှိသည်။
တအောင်းဒေသ၏ အဆင့်မြင့်ပညာရေးကို ခေတ်နှင့်အညီပြောင်းလဲမြင့်တင်နိုင်ရန်နှင့် ဒေသတွင်းကျောင်းသား/သူများ လက်လှမ်းမှီနိုင်မည့် အရည်အသွေးပြည့်ပညာရေးစနစ် ပေါ်ထွန်းလာရန် ဦးတည်ထားပြီး အရည်ချင်းပြည့်မှီသည့် အသိပညာရှင်များ မွေးထုတ်နိုင်ရန်နှင့် အရည်ချင်းပြည့်မှီသူများကို နိုင်ငံတကာကောလိပ်များသို့ ဆက်လက်ပညာသင်ကြားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
တအောင်းမြေတက္ကသိုလ်တွင် စီးပွားရေးပညာ၊ ဒဿာနိကဗေဒ၊ ရုက္ခဗေဒ၊နိုင်ငံရေးသိပ္ပံနှင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာဘာသာရပ်များ သင်ကြားမည်ဖြစ်ပြီး နေ့ကျောင်း(Day)အနေဖြင့် ဖွင့်လှစ်သွားမည်ဟု သိရသည်။
တအောင်းမြေတက္ကသိုလ်ကို ၂၀၂၄ခုနှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး Online Teaching & Learning Systemကို ၂၀၂၃ခုနှစ်၊ ဇွန်လ၂၀ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ တက္ကသိုလ်မှ ဝါရင့်ပါမောက္ခ၊ကထိက၊လက်ထောက်ကထိက
နှင့် နည်းပြများက သင်ကြားပို့ချပေးသွားမည် ‌ဖြစ်ကြောင်း ပါရှိထားပါသည်။
နိုင်ငံခြားပညာသင်ဆုအတွက် အချိန်ကာလ(၆)လ (သို့) (၁)နှစ် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး WOU (Wunzin Online University) နှင့် MNOU( Myanmar Nway-Oo Online University) တို့နှင့်လည်းချိတ်ဆက်သင်ကြားနိုင်ရန် စီစဥ်ထားသည်ဟု သိရသည်။
တက္ကသိုလ်ပြီးမြောက်သူများကို ဒီဂရီဘွဲ့၊ဒီပလိုအောင်လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပြီး Ta’aung National Education Committee -TNEC facebook page နှင့် taangeducation.tnec@protonmail.com တို့တွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *