ခမ်းသားငေါဝ်း၊ ဇွန်လ ၂၂၊၂၀၂၃
တောင်ကြီးမြို့တွင် ကုန်စည်အမျိူးအစားအလိုက် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ နှင့် ဘေးအန္တရာယ်ရှိနိုင်သော ကုန်ပစ္စည်းများ ကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့က ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဇွန်လ ၂၂ ရက်နေ့က သိရသည်။
ယခုကဲ့သို ကျောင်းဖွင့်ရာသီတွင် ကလေးများအတွက် မုန့်ရောင်းအား အကောင်းဆုံးဖြစ်ကြောင်း၊ အချို့မုန်ဆိုင် နှင့် ကျောင်းမုန့်စျေးတန်းအချို့တွင် က‌လေးအကြိုက် တရုတ်မုန့်အများအပြားရောင်းချနေခြင်းတွေ့ရကြောင်း၊ အချို့မုန့်များတွင် မြန်မာစာဖြင့် ရေးသား‌ဖော်ပြခြင်း မရှိကြောင်း၊ ထိုသို့သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသောမုန့်များကို စိစစ်ပြီး ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီက သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ စားသုံးသူကာကွယ်ရေးဥပဒေမှာပါတဲ့ ကုန်အညွှန်းအမှတ်အသားတွေကို မလိုက်နာကြလို့ပါ။ အဲ့တော့ ကျွန်တော်တို့က ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအနေနဲ့ တောင်ကြီးမှာရှိတဲ့ စတိုးဆိုင်တွေမာ ဝင်စစ်တယ်။ အဓိကစစ်ဖြစ်တာက ကလေးမုန့်တွေပဲ၊ ဥပမာ တရုတ်မုန့်တွေဆိုရင် ကလေးတွေက အများအပြားဝယ်စားနေကြတယ်။ ပြီးတော့ မုန့်ထုတ်ပေါ်မာရေးထားတဲ့စာတွေက ကလေးတွေမှမဟုတ် ကျွန်တော်တို့လူကြီးတွေ တောင် မဖတ်တတ်ဘူး “ ဟု စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အချို့ဆိုင်များသည် ၎င်းတို့ကုန်ပစ္စည်းမဝယ်ယူခင်ကတည်းကပင် ကုန်ပစ္စည်းအမျိုးအစားများကို သတ်မှတ်ချက်များနှင့်အညီ လိုက်နာပြီး ဝယ်ယူရန်စားသုံးသူရေးရာကော်မတီက အကြိမ်ကြိမ်သတိပေးထားသော်လည်း မလိုက်နာကြပဲ ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။
“အချို့လူဆိုရင် ကျွန်တော်တို့ဆီမာ ဝန်ခံကတိလက်မှတ်သုံးခါလေးခါတောင် ထိုးပြီးပြီ၊ ဒါပေမဲ့သူတို့က လိုက်နာဆောင်ရွက်မှုမရှိဘူး ဆက်လက်လုပ်နေကြတယ်။ ကျွန်တော်တို့အနေနဲ့က စားသုံးသူကာကွယ်‌ရေးဥပဒေကို မလိုက်နာရင်တော့ ဆိုင်တွေယာယီပိတ်ခိုင်းတာမျိုး လုပ်ရင်လုပ်နိုင်တယ်။ ဒါပေမဲ့ခုလောလောဆယ်တော့ ကျွန်တော်တို့က နှစ်ဦးနှစ်ဖက် အဆင်ပြေစေမဲ့နည်းလမ်းပဲ သွားသေးတယ်”ဟု ၎င်းကပြောသည်။
“ကျောင်းမုန့်စျေးတန်းအချို့တွေမှာ အရင်းအနှီး သုံးလေးသောင်းနဲ့ ရောင်းတဲ့သူ‌တွေကို ကျွန်တော်တို့က ဖမ်းလို့လည်းမရ၊ သိမ်းလို့လည်းမရ ဖြစ်နေတော့ အဓိကကျတဲ့ စတိုးဆိုင်ကြီးတွေကို စစ်လိုက်ရင် မပျောက်ရင်တောင်မှ အနည်းဆုံး လျော့ကျသွားတယ်”ဟု ၎င်းက ဆက်ပြောသည်။
အခါအားလျော်စွာ စတိုးဆိုင်များကို ဝင်ရောက်စစ်ဆေးခြင်းပြုလုပ်လေ့ရှိပြီး စစ်ဆေးသည့်အချိန်တွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ၏ဆုံးဖြတ်ချက်အရ ဝင်ရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
ပုံ- စားသုံးသူရေးရာ

Leave a Reply

Your email address will not be published. Required fields are marked *