ခမ်းသားငေါဝ်း၊ ဇွန်လ ၂၁၊ ၂၀၂၃
ပင်လောင်းမြို့နယ် နောင်တရားဒေသ စျေးသစ်တွင်ရောက်ရှိသည့် စစ်ဘေးရှောင် များ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဆေးဝါးများအရေးပေါ်လို့အပ်နေကြောင်း ဇွန်လ ၂၁ ရက်က သိရသည်။
မိုးရာသီဖြစ်သည့်အတွက် ရာသီတုတ်ကွေးများ၊ ဝမ်းပျက်ဝမ်းလျောများဖြစ်ပွားခြင်းကြောင့်ဖြစ်သည်။
“လောလောဆယ် အိမ်ထောင်စု (၇၈)ခု ရှိတယ်၊ မိုးရာသီဆိုတော့ တုတ်ကွေး၊ဝမ်းပျက်ဝမ်းလျှောတာတော့ ရှိတာပေါ့၊ကလေးရော လူကြီးတွေပါ ဖြစ်ကြတာ၊ တစ်လောကလည်း ကလေးတွေဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးရုံပို့ရတယ်၊ ဆေးအလှူရှင်တွေလည်း မလာတာကြာပြီ”ဟု စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။
ပင်လောင်းမြို့နယ်၊နောင်တရားဒေသ နောင်တရားစျေးသစ်တွင် စစ်ရှောင်သူဦးရေ အိမ်ထောင်စု(၇၈) ခု၊ လူဦးရေ(၂၉၈) ဦးရှိနေပြီး မသန်စွမ်းသူများနှင့် လသားအရွယ်ကလေးများလည်း ပါဝင်သည်ဟု သိရသည်။
ထို့အပြင် စစ်ရှောင်သူဦးရေ များလာသည့်အတွက် စားနပ်ရိက္ခာ များလည်းလိုအပ်နေကြောင်းသိရသည်။
” စားဝတ်နေရေးလိုအပ်ချက်တွေ ရှိတာပေါ့၊ တစ်ချို့ကလည်း နေ့စားလိုက်တယ်၊ မရှိတဲ့ရက်လည်း နားပေါ့၊အစားအသောက်ပြတ်တဲ့ရက်တွေလည်း ရှိတယ်၊ အရင်က လူနည်းတယ်၊ အခုက စစ်ရှောင်ဦးရေပိုများလာတော့ လိုအပ်ချက်တွေတော့ ရှိတာပေါ့” ဟု စစ်ရှောင်ကူညီသူ တစ်ဦး က ခမ်းသားငေါဝ်းကို ပြောသည်
လက်ရှိတွင်နောင်တရားဒေသတွင် ရွှေဘုန်းပွင့်ဘုန်းကြီး ကျောင်း၊ စန္ဒာခမ်းရုံး၊ နောင်တရားစျေးသစ်နှင့် လူနေရပ်ကွက်အထဲတွင် စစ်ဘေးရှောင် ပြည်သူများ လာရောက်ခိုလုံကြကြောင်း သိရသည်။
ကရင်နီပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ရှမ်းပြည်နယ် တောင်ပိုင်းသို့ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *