ခမ်းသားငေါဝ်း၊ ဇွန်လ ၂၂၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် လောင်းကစားနှင့် မူးယစ်းဆေးဝါးသုံးစွဲမှုများပြားလာသည်နှင့်အမျှ ဒုစရိုက်မှု၊ မုဒိန်းမှုများ နေ့စဉ်ဖြစ်ပွားမှုရှိနေပြီး ဒေသတွင်း တရားမျှတမှု တရားဥပဒေစိုးမိုးမှု အားနည်းနေကြောင်း သိရှိရသည်။
“ဒီမှာက မူးယစ်ဆေးဝါးသုံးမယ်ဆိုရင် အရမ်းလွယ်ကူတယ်။ ဘာလို့လွယ်ကူလည်းဆိုရင် ဝယ်ယူရတာလည်းလွယ်တယ်။ သုံးရင်လည်း ဘယ်သူမှ မတားဘူး မဖမ်းဘူးဆိုတော့လေ။ သုံးစွဲသူတွေက အရွယ်စုံဘဲ အများအားဖြင့် လူငယ်တွေပိုများတယ်။ လူငယ်ထဲမှာဆိုရင် အမျိုးသမီးတွေလည်းပါတယ်။ သက်ဆိုင်ရာတွေကလည်း ဘာမှ မလုပ်နိုင်ဘူး။ ရောင်းတဲ့သူ သုံးတဲ့သူတွေကလည်း သူက ဘယ်အဖွဲ့အစည်းက ဘယ်လူကြီးသားပါဆိုပြီး ပြောတာမျိုးရှိတယ်။ ဆိုင်ကယ်၊ကား ခိုးမှုတွေလည်း အမြဲဖြစ်လာတော့တယ်။ အမျိုးသမီးတွေဆိုရင် နေ့ဘက်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် တစ်ယောက်တည်း အပြင်သွားဖို့တော့ အန္တရာယ်များတယ်” ဟု နမ့်စန်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
နမ့်စန်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရရုံးဌာနများ အများအပြားရှိနေသော်လည်း ဒုစရိုက်မှု ဖြစ်ပွားလာပါက သက်ဆိုင်ရာများအနေဖြင့် ထိရောက်သည့်အရေးယူဆောင်ရွက်မှုးများ အလွန်အားနည်းပြီး ဒေသခံများလည်း ထိုအခြေအနေကို မလိုလားကြပဲ ဒုစရိုက်မှုများကို အရေးယူဆောင်ရွက် တားဆီးပေးရန်နှင့် တာဝန်ယူမှု/ခံမှု ရှိစေလိုကြောင်း ပြောဆိုကြသည်။
နောက်အမျိုးသမီးတစ်ဦးကလည်း “ကျမ သူငယ်ချင်း ၂ယောက်ဆိုရင် ဖြူး (သို့) ဘိန်းဖြူမှုန့်တွေကို အရမ်းစွဲနေပြီး ညဘက်မှာဆိုရင် သူ ကေတီဗီ ကို မသွားရ မနေနိုင်ဘူး။ ပြောပေးလည်းမရတော့ဘူး။ အချို့လူတွေဆိုရင် အဖွဲ့လိုက်ကို မူးယစ်းဆေးသုံးတာ ဆေးအာနိသင်ပြယ်ပြီးဆိုရင် အလိုလိုစိတ်တိုကြတယ်။ နေကောင်းလားလို့မေးရင်တောင် ထသတ်ချင်ကြတဲ့ အဆင့်ဖြစ်တယ်။” ဟု ပြောသည်။
“အရင် ပြီးခဲ့တဲ့ ၂လပိုင်းကဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့ သားဖ ၂ယောက်နဲ့ သူတို့အပေါင်းအပါးတွေက အမျိုးသမီးကြီး တစ်ဦးကို မုဒိန်းဝိုင်းကျင့်ကြတာ သေတော့ ချောင်းမှာ သွားပစ်ထားတာ။ ဌာနဆိုင်ရာရဲ့တွေလည်း ဘာအရေးယူမှုမှ မလုပ်ပေးနိုင်ဘူး။ သေမှု သေခင်းလို့ပဲ အမောဖောက်ပြီးသေတယ်လို့ဘဲ မှတ်ချက်ပြုသွားတယ်။ တာဝန်ရှိသူတွေ အဲလိုကိစ္စမျိုး ပပျောက်အောင် ဆောင်ရွက်စေချင်တယ် ” ဟု ၎င်းက ဆက်ပြောပြသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နမ့်စန်မြို့ရှိ နယ်ဒေသများနှင့် မြို့ပေါ်ရပ်ကွက်များတွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများ လွတ်လွတ်လပ်လပ် ပြုလုပ်လာကြပြီး နောက်ဆက်တွဲအဖြစ် ဒုစရိုက်မှု များပြားလာစေကြောင်း သိရသည်။