ခမ်းသားငေါဝ်း၊ ဇွန်လ ၈ ၊ ၂၀၂၃
တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက် နယ်မြေ ၄ အဝင်လမ်း လွယ်ခမ်းလမ်းမကြီးသည် အလွန်ပျက်စီးနေသည့်အတွက် ပြည်သူများ သွားလာရန်ခက်ခဲကြောင်းသိရသည်။
မိုးရွာသွန်းချိန်တွင် လမ်းမပေါ် ရေပြည့်လျှံသလို ချိုင့်ခွက်များအလွန်ကြီးမားခြင်းကြောင့် သွားလာရန်အလွန်ခက်ခဲ့ကြောင်းဒေသခံများထံသိရသည်။
“မိုးတွင်းဆိုရင်တော့ပိုဆိုးတယ်။လမ်းပေါ်ရေတွေစီးဆင်းတဲ့ချိန်ဆိုရင် သွားလာရတာအဆင်မပြေဘူး။ယာဥ်ကြောပါပိတ်ဆို့သွားရင်ဆိုင်ကယ်မောင်းသူတွေအနေနဲ့ဆိုရင် ယာဥ်ကြီးတွေရှောင်တိမ်းရတဲ့နေရာမှာရေပြည့်နေတဲ့ချိုင့်ခွက်နဲ့တွေ့ရင်ယာဥ်တိမ်းမှောက်မှုတွေလည်းကြုံရနိုင်တယ်”ဟုဘုရားဖြူရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါသည်။
ဘုရားဖြူရပ်ကွက်နေအမျိုးသားတစ်ဦးကလည်း “အခက်အခဲကတော့ ရပ်ကွက်နေလူတိုင်းတော့ကြုံရတာပေါ့။မိုးရွာလာပြီဆိုရင်လမ်းကချောင်းလိုပဲဖြစ်နေတာ။ ခုလိုကျောင်းဖွင့်ချိန်မှာ ကျောင်းသား/သူတွေအတွက်တော့အခက်အခဲပိုဖြစ်တာပေါ့။ မိုးကြီးရင်သူတို့လမ်းတောင်မကူးရဲကြဘူး”ဟုပြောသည်။
ထိုလမ်းသည် ကတ္တရာ လမ်းစတင်ခင်းသည့်အချိန် ကပင် အစိုးရအဆက်ဆက်က ပြုပြင်ပေးခြင်းမရှိ ခဲ့ကြောင်း ဒေသခံများထံသိရသည်။
ဘုရားဖြူရပ်ကွက် နယ်မြေ ၄ တွင် လမ်းပျက်စီးမှု ပြဿနာ တစ်ခုတည်းကြုံရခြင်းမကပဲ လူဦးရေ များလာခြင်းကြောင့် လျှပ်စစ်မီးမနိုင်သည့်အတွက် ထရန်ဖော်မာ ခဏခဏပျက်ခြင်းများလည်းကြုံရ ကြောင်းသိရသည်။
ထိုလမ်းပြုပြင်ရန်အတွက် အစိုးရမှခွင့်ပြုဘတ်ဂျက်များ ကျလာပြီးဖြစ်ကြောင်းသိရသည်။
“ရပ်ကွက်အတွင်းလမ်းပြုပြင်မှုအတွက်အထက်ကိုတော့ လွန်ခဲ့တဲ့မေလကတင်ပြခဲ့ပြီးပြီ။ ဘတ်ဂျက် (Budget)ကျလာတော့ ရေထွက်ဦးလမ်းနဲ့ လွယ်ခမ်းလမ်းမကြီးအတွက်ပဲရတာ။ အဲ့နှစ်လမ်းအတွက်တော့ပြုပြင်ဖို့ပြင်ဆင်နေပြီ။ လမ်းကတော့ မိုးအကုန် ဆောင်းလောက်မှလာရောက်ပြုပြင်ပေးမယ်လို့ပြောထားတယ်”ဟု ဘုရားဖြူရပ်ကွက်အုပ်ချုပ်ရေးမှူး ခွန်ညွှန့်မောင် ကပြောသည်။
ပြည်သူများအနေဖြင့် လမ်းကိုအမြန်ဆုံးပြုပြင်ပေးရန်လိုလားကြောင်း၊ ထိုလမ်းသည် ဟိုပုံး၊ ၆မိုင် အထိပေါက်သလို ဇလဲထိသွား ကျေးလက်ချင်းချိတ်ဆက်သည့်လမ်းလည်းဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *