ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊ ၂၀၂၃
ပအိုဝ်းတိုင်းရင်းသူ နန်းကလျာဦး (အမည်လွဲ) သည် အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ရာ အိမ်ရှင်၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံတွေ့ခံစားနေရကြောင်း ကာယကံရှင်အမျိုးသမီးက ရင်ဖွင့်ပြောဆိုခဲ့သည်။
ပအိုဝ်းတိုင်းရင်းသူ နန်းကလျာဦးသည် အိမ်အကူအလုပ်သွားရောက်လုပ်ကိုင်ရန် ၁၄ ဇူလိုင်လ ၂၀၂၂ ခုနှစ်တွင် အိုမန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး အလုပ်လုပ်ကိုင်လာသည့် (၉)လတာကာလအတွင်း အလုပ်၏ အလုပ်ရှင် အိမ်ရှင်မှ မတရားလုပ်ဆောင်ခံမှုကိုလည်း ကြုံတွေ့လာရပါသည်။
တစ်ရက်ကို အလုပ်လုပ်ချိန် (၁၇) နာရီအထိလုပ်ဆောင်နေရပြီး အိမ်ရှင်အမျိုးသားများ၏ ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းများကိုလည်း ခံနေရသည် ဟုသိရှိရသည်။
“ကျွန်မလိုမျိုးဘဲ အခြားသော အမျိုးသမီးတွေလည်း လုပ်ခလစာ ၃ လစာပေးရမှာကို ၂ လစာဘဲပေးတယ်၊ ညမိုးချုပ်တဲ့အထိ အလုပ်လုပ်ရတယ် ၂နာရီမှအိပ်ရတယ်။ မနက်ဆိုရင် ၄နာရီထရတယ်။ တစ်အိမ်တည်းလုပ်ရတာမဟုတ်ဘဲ အိမ်ရှင်ရဲ့ အမျိုးအိမ်တွေပါလုပ်ပေးရတယ်။ အိမ်ရှင်ယောကျာ်းလေးတွေရဲ့ထိတွေ့ကိုင်တွယ်တာ၊ ညစ်ညမ်းတဲ့ အရာမျိုးကိုပြတာတွေကြုံရတယ်။ ပြန်မပြောရဲဘူး အေဂျင့်ကိုတိုင်တော့လည်း သက်သေမခိုင်လုံလို့ဆိုပြီး မကူညီပေးဘူး။” ဟုနန်းကလျာဦးက သူမကိုယ်တိုင်တွေ့ကြုံရသည့်အခြေအနေကို ပြောဆိုသည်။
အိုမန်နိုင်ငံတွင် မြန်မာသံရုံး မရှိသည့်အပြင် အလုပ်သမားအခွင့်အရေးကူညီပေးသည့်အဖွဲ့အစည်းများလည်း မရှိခြင်းကြောင့် အလုပ်သမားများအတွက် ပို၍အခွင့်အရေးချိုးဖောက်ခံရသည် ဟု သိရပါသည်။
“ကျမသူငယ်ချင်းတစ်ယောက်ဆိုရင် အဆင်မပြေလို့ အိမ်ပြောင်းချင်တယ် ပြန်ချင်တယ်လို့ ပြောတာ အေဂျင့်စီတွေက ရုံးခန်းခေါ်ပြီး အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ရော အခန်းထဲပိတ်လှောင်ထားပြီး အဆက်အသွယ်ဖြတ် ဖုန်းသိမ်းတာမျိုးလုပ်ပြီး မပြန်အောင် ငြိမ်းခြောက်တာမျိုးရှိတယ်” ဟု နန်းကလျာဦးမှ ပြောသည်။
အိုမန် နိုင်ငံသို့ သွားမည်ဆိုပါကအကြွေးစနစ်ဖြင့် သွားပြီး အနည်းဆုံး (၂)နှစ် စာချုပ် ချုပ်ရကြောင်း၊အကြွေးကျေပါက ပြန်မည်ဆိုလည်းပြန်နိုင်ပြီး ဆက်လုပ်ချင်လည်း ဆက်လုပ်နိုင်ကြောင်း၊ လက်ရှိနန်ကလျာဦးသည် အကြွေးကျေပြီးသော်လည်း ပြန်မည်ဆိုပါက အေဂျင့်စီအား လျော်ကြေး သိန်း (၆၀) ပေးမှသာ ပြန်ခွင့်ရမည် ဖြစ်ပြီး ပြန်မည်ဆိုပါက အေဂျင့်အမျိုးသားက သူမအား “အတူနေပစ်မည်” ဟု ခြိမ်းခြောက်ထားကြောင်း၊ ယခုအချိန်ထိ သူမသည် ကြိတ်မှိတ်ပြီး နေထိုင်နေရကြောင်း သိရှိရပါသည်။
“တကယ်ဆို အကြွေးကျေရင် ပြန်လိုရရမယ်လေ အခုက အကြွေးကျေလည်း ပြန်လို့မရတော့ အေဂျင့်တွေက ရောင်းစားလိုက်တာနဲ့အတူအတူဘဲ အိမ်ရှင်တွေက ကျွန်ဝယ်လိုက်သလိုပါဘဲ” ဟု နန်းကလျာဦးမှ ပြောကြားလာသည်။
ယခုလက်ရှိမြန်မာနိုင်ငံတွင် တရားဝင်အေဂျင့်စီရှိသလို၊ တရားမဝင် အေဂျင့်စီများလည်း အများအပြားရှိလာသည်ကို တွေ့ရှိရပြီး ရွေ့ပြောင်းအလုပ် သမားများသည်လည်း တရားမဝင်သော အေဂျင့်စီများဖြင့် သွားချိတ်ဆက်မိသည့်အခါ နောက်ဆက်တွဲ ပြဿနာများ ဝာာဝန်ယူမှု/တာဝန်ခံမှု မရှိသည်များကိုလည်း ရွေ့ပြောင်းအလုပ်သမားများက ကြုံတွေ့လာရပါသည်။
“နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ တကယ်လို့ ကိုယ်က နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တော့မယ်ဆိုရင် တရားဝင်ဖြစ်တဲ့ အေဂျင့်တွေနဲ့ဘဲ ဆက်သွယ်ဖို့၊ ကိုယ်သွားမယ်နိုင်ငံကိုလည်း သေချာစုံစမ်းပြီးရွေးချယ်ဖို့လိုအပ်ပါတယ်။ အစိုးရ နဲ့ ချိတ်ဆက်မှုမရှိတဲ့ နိုင်ငံတွေကို လေ့လာပြီး မလာဖို့ပြောချင်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာ များကိုလည်း တရားမဝင်တဲ့ အေဂျင့်တွေကို ထိရောက်စွာအရေး ယူပေးဖို့နဲ့ နိုင်ငံရပ်ခြားသွားမယ့် လူငယ်တွေကို တားဆီးဖို့ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ အခုဆိုရင် အတော်များများ မြန်မာနိုင်ငံက အမျိုးသမီးတွေက လိင်ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ချိုးဖောက်ခံနေရပါတယ်၊ တကယ်ကို မလုံခြုံကြပါဘူး။ ဘယ်အဖွဲ့အစည်းကို ဘယ်သူကို အကူအညီတောင်းရ မှန်းမသိဘူး ကူရာမဲ့နေကြတဲ့ဘဝတွေပါ။” ဟု နန်းကလျာဦးက ဆက်လက်ပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နှင့် အာဏာသိမ်းမှုဖြစ်ပွားပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် အရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သော ဒူဘိုင်း၊ အိုမန်၊ အာရတ် နိုင်ငံသို့ မြန်မာနိုင်ငံ လူငယ်များ သွားရောက်အလုပ် လုပ်ကိုင်မှု မြှင့်တက် လာခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ နှစ် နှစ်စပိုင်းတွင်လည်း မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များ အရှေ့အလယ်ပိုင်း အိုမန်နိုင်ငံတွင် အခန်းပိတ်လှောင် အနိုင်ကျင့်ခံ နေရမှုကို ဆိုရှယ်မီဒီယာပေါ်သို့ အကူအညီတောင်းခံသည့် ဗီဒီယိုတစ်ခု တက်လာခဲ့ဖူးသည်။