ခမ်းသားငေါဝ်း၊ ဇွန်လ ၁၃၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တိုက်ပွဲ ဖြစ်ပွားသည့် တောင်မဲသင်း၊ လုံးပျဉ်ကျေးရွာများတွင် စိုက်ပျိုးရေးပြန်လုပ်ကိုင်ရန် ရွာပြန်သည့်ဒေသခံများအတွက် လက်နက်ကြီးနှင့် မြေမြုပ်မိုင်းအန္တရာယ် စိုးရိမ်နေရကြောင်း ဇွန်လ ၁၃ ရက်နေ့တွင် သိရသည်။
ယင်းဒေသခံများသည် စစ်ရှောင်စခန်းအတွင်း နေချိန်တွင် စားနပ်ရိက္ခာမလုံလောက်သည့်အခြေအနေများ မကြာခနကြုံနေရခြင်းကြောင်း နေအိမ်ပြန်ပြီး ဝမ်းစာအတွက် စိုက်ပျိုးရေး ပြန်လုပ်ကိုင်လိုနေကြကြောင်းသိရသည်။
“ စစ် ရှောင် စခန်းမှာနေတာ သူများလှူတဲ့ဟာကိုဘဲ စားနေရတာ ကြာလာတော့ အားနာလာတယ် ကြောက်တယ် ဆိုပေမယ့် သားသမီး ရှေ့ ရေးအတွက် ဆိုပြီး ပြန်စိုက်တာ လက်နက်ကြီးသံတော့ တစ်ချက်တစ်ချက်ကြားနေရသေးတယ် “ဟု စိုက်ပျိုးရေး ပြန်လုပ်သော ပင်ခွန်စစ် ရှောင်စခန်းနေ စစ်ရှောင်တစ်ဦးက ပြောသည်။
တောင်မဲသင်းဒေသတွင် စပါး၊ ပြောင်း၊ ကုလာအော်သီး၊ ဂျင်း များကို အဓိကစိုက်ပျိုးကြပြီး မိုးရာသီတစ်ခုတည်းတွင် ထိုစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်နိုင်ရကြောင်းသိရသည်။
ပြီးခဲ့သည့်မေလအတွင်း စိုက်ပျိုးရေးပြန်လုပ်သည့် လုံးပျဉ်ရွာသားနှစ်ဦးနှင့် လွယ်မော်ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်များ ဆုံးရှုံးခဲ့ရကာ ယခုထိ သုံးဦးစလုံး ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။
ပင်လောင်းတောင်ဖက်သည် ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး တိုက်ပွဲစတင်ပြင်းထန်ခဲ့ပြီးနောက် ဒေသခံ၏ နေအိမ် ခြံဝန်အတွင်း လယ်ယာမြေများ၊ ဘာသာရေးအဆောက်ဦးများနှင့် စာသင်ကျောင်းများတွင် စစ်ကောင်စီက မြေမြုမိုင်းများ ထောင်ထားသဖြင့် မိဘပြည်သူများ အထူဂရုသွားလာကြရန် အင်းလေးPDFက ထုတ်ပြန်သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *