ခမ်းသားငေါဝ်း၊ ဇွန်လ ၁၃၊၂၀၂၃
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ကို ကောင်စီအဖွဲ့ဝင်(၆)ဦးဖြင့် ကနဦးတွင် စတင်ဖွဲ့စည်းထားကြောင်း ယမန်‌နေ့ ဇွန် ၁၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်၊၊
ကရင်ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ပြီး လူထု၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ကျန်းမာရေး၊ စားနပ်ရိက္ခာ နှင့်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်၊၊
IEC သည် ရေတို၊ ရေရှည်အစီအမံများချမှတ်ပြီး တော်လှန်ရေးအင်အားစုများကို စုစည်းမှုပြုလုပ်ပြီး လူထုကို အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်၊၊
နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကိုအကောင် အထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး IECအနေဖြင့် ပြည်တွင်း၊ပြည်ပ အင်အားစုများ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ချိတ်ဆက် ကြိုးပမ်းကာ ဆောင်ရွက်လျက်ရှိသော CRPH,NUCCနှင့် NUG တို့နှင့်လည်း အတူလက်တွဲသွားမည်ဟုဆိုသည်၊၊
ကောင်စီကို အဖွဲ့ဝင် (၆) ဦးဖြင့် ကနဦးဖွဲ့စည်း ဦးဆောင်သွားမည်ဖြစ်ပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး (၁၂)ရပ် ထားရှိရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်၊၊
လက်ရှိတော်လှန်ရေးကာလတွင် လူမျိုးစုံလင်ကွဲပြားမှု၊ဘာသာဓလေ့၊အယူကွဲပြားမှုနှင့်ဗျူဟာမတူကွဲပြားမှုများကို ချင့်ချိန်ထိန်းညှိပြီး တော်လှန်ရေးအင်အားစုအကြား ညီညွတ်မှု၊လူမျိုးအချင်းချင်းအကြား နားလည်ယုံကြည်မှု ပြန်လည်ပေါင်းစည်းနိုင်မှုများကို ဆက်လက်တည်ဆောက်လျက်ရှိကြောင်း ပြောဆိုထားသည်၊၊
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ကို ၂၀၂၁ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွန်ချက်အတိုင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ၂၀၂၃ ခုနှစ် ဇွန်လ (၆ ) တွင် ဖွဲ့စည်းခဲ့ကြောင်းဖြစ်သည်၊၊
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်းနှင့်ပတ်သတ်ပြီး ပြည်တွင်းမဟာမိတ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ခန့်ကလည်း IECသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရသည်၊၊
ထို ဂုဏ်ပြုသဝဏ်လွှာထဲတွင် ပြည်ထောင်စု မူဝါဒဖွဲ့စည်းပုံနှင့် စနစ်အားနည်းခြင်းများအပြင် ခေတ်အဆက်ဆက် အုပ်ချုပ်သူ လူတန်းစားများ၏ ဝါဒဖြန့်သပ်လျှိသွေးခွဲမှု၊ဖိနှိပ်အုပ်ချုပ်မှုများကြောင့် အချင်းချင်းပဋိပက္ခများ ကာလရှည်ဖြတ်သန်းခဲ့ရပြီး တိုင်းပြည်ငြိမ်းချမ်းမှု တည်ငြိမ်မှုနည်းပါးကာ ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှု ခေတ်နောက်ကျကျန်ခဲ့ရခြင်းသည် ယနေ့နိုင်ငံရေး ပဋိပက္ခကြီးက သက်သေပင်ဖြစ်ကြောင်း KSDPမှဆိုသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *