ခမ်းသားငေါဝ်း၊ မေလ ၂၉၊ ၂၀၂၃
ပင်လောင်းမြို့နယ်ကြားနှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း PNDF- KK ကပြောဆိုထားသည်။
ထိုဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစု တပ်တို့ နှစ်ဖက်စလုံးဒီရက်ပိုင်း အင်အားဖြည့်တင်းပြီး စစ်ပွဲဆက်တိုက်ဖြစ်ပွား နေကြောင်း သိရသည်။
“တိုက်ပွဲတော့ဆက်တိုက်ဖြစ်နေတယ် စစ်ကောင်စီဖက်လည်း အင်အားဖြည့်လာတာတွေ့ရတယ် အဓိက စစ်ကောင်စီဖက်က လေယာဉ်နဲ့ ပစ်လာတာများတယ် ခပ်စိပ်စိပ်ပစ်လာတယ် တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေအုံးမယ် “ဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် (PNDF-KK)က ရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည့်အတွက်စစ်ဘေးရှောင် ဒေသခံပြည်သူ လေးထောင်ကျော် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
စစ်ရှောင်ကူညီသူတစ်ဦးက “အခုနောင်တရားမြို့နယ်အတွင်းမှာ တစ်ထောင်ခန့်ရှိတယ် ပင်လောင်းမှာလည်း သုံးထောင်ကျော် ကျန်သေးတယ် တစ်ချို့က နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာလည်းရှိတယ် နေရပ်မပြန်နိုင်ကြ​သေး ဘူး”ဟု ပြောသည်။
နေရပ်စွန့်ခွာကြသည့် စစ်ဘေးရှောင်များသည် ကယား(ကရင်နီ)ပြည် မိုးဗြဲ၊ လွိုင်ကော်၊ ဒီမောဆိုနှင့် ပင်လောင်းမြို့နယ်ရှိဒေသခံများဖြစ်ပြီး ယခုတွင်ပင်လောင်းမြို့နယ်အတွင်း လွယ်စံပြောင်၊ ရွှေတောင်တောရ ၊ပင်လောင်းကြီးကျောင်း ၊ မွေတော်ဘုရားကြီး ၊ တီကျစ်၊ နောင်တရားစျေးသစ်၊ရွှေဘုန်းပွင့် နှင့် နီးစပ်ရာဆွေမျိုးအိမ်တွင် ခုံလှုံနေကြကြောင်း သိရသည်။
ပင်လောင်းမြို့တောင်ပိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါ ရီလကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုချိန်ထိ ဖြစ်ပွားနေသေးကြောင်းသိရသည်။
ထိုအပြင် စစ်ကောင်စီတပ်မှလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊ လေယာဉ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၄င်းဒေသတွင်ဒေသခံနေအိမ်များ ပျက်စီးမှုရှိနေသလို အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှု လည်းရှိကြောင်းသိရသည်။
Photo PNDF-KK

Leave a Reply

Your email address will not be published. Required fields are marked *