ခမ်းသားငေါဝ်း။ မေလ ၃၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ လူငယ်အများစုသည် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုမှ ရင်ဆိုကြုံတွေ့ရသည့် စားဝတ်နေရေးအခက်အခဲများကြောင့် ယခင်နှစ်များထက် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်သူပိုများလာကြောင်း ဒေသခံသတင်းအမြစ်ထံမှ သိရသည်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြှင့်တက်ပြီး စားဝတ်နေရေးရုန်းကန်းရသည့်အတွက် လူလတ်ပိုင်းနှင့်လူငယ်များက နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ပိုများလာရကြောင်း သိရသည်။
“အခုဆိုရင် အလုပ်အကိုင်လည်း ကျပ်တည်းလာတယ် လူငယ်အချို့လည်း လမ်းပျောက်လာကြတယ် ပတ်စပို့လုပ်လာတာတို့ အချို့လူငယ်ပိုင်းက သင်တန်းတွေတက်တာ အများကြီးတွေ့လာတယ်” ဟု ပင်လောင်းဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ခမ်းသားငေါဝ်းသတင်းဌာနသို့ပြောသည်။
ကျေးရွာရှိ လူငယ်လူလတ်ပိုင်းက ဂျပန်စကားပြောသင်တန်း၊ တရုတ်စကားပြောသင်တန်း၊ ကိုးရီးယားသင်တန်းများကို တက်ရောက်သူများပြားလာကြောင်း သိရသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်းကြီးမြို့ရှိ စစ်‌ကောင်စီ၏ နိုင်ငံကူးလက်မှတ်ပတ်စပို့ရုံး ပိတ်ထားသော်လည်း တစ်ရက်လျှင် ပတ်စပို့လုပ်သူ ၃၀၀ အထက်ရှိနေကြောင်း သိရသည်။
နိုင်ငံခြားသွားနိုင်ရန် နိုင်ငံကူးလက်မှတ်ပတ်စပို့စ် ပြင်ဆင်လုပ်‌ဆောင်နေသူ တစ်ရက်ထက်တစ်ရက် ပိုများပြားလာသည်။
သွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးများ စျေးနှုန်းနှစ်ဆကျော်မြှင့်တက်လာပြီး စိုက်ပျိုးရေးတောင်သူများအနေဖြင့်လည်း အခက်ခဲရှိနေသည့်အတွက် နိုင်ငံခြားသွားခြင်းကို ပိုရွေးချယ်လာကြသည်။
ပြည်ပနိုင်ငံခြားသို့ထွက်ပြီး အလုပ်သွားလုပ်သူများလာသည့်အတွက် အချို့ကျေးရွာများတွင် သက်ကြီးရွယ်အိုပိုင်းနှင့် ကလေးငယ်များသာ ကျန်ရှိကြောင်း သိရသည်။
‌ပင်းလောင်းမြို့နယ်နှင့် နောင်တရားဒေသတွင် လူငယ်အများစုက နေ့စဥ်စားဝတ်နေရေးဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံကို အများဆုံးသွားကြပြီး ၊မလေးရှား၊ စင်ကာပူ ၊ဂျပန်၊ ကိုးရီးယားနိုင်ငံများကို အနည်းစုက သွားရောက်လုပ်ကိုင်ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *