ခမ်းသားငေါဝ်း၊ မေလ ၂၃၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောအုပ်စု အောင်ကလာပ်ပေါ်ရွာတွင် ရွာခံကလေးများ နှင့် စစ်ရှောင်ကလေးများ ကျောင်းဖွင့်ရာသီ စာသင်နိုင်ရေး စာသင်ကျောင်းဆောက်လုပ်ရန် အကူညီလိုအပ်လျက်ရှိကြောင်း တာဝန်ရှိကောမတီများထံမှ သိရသည်။
၎င်းနေရာတွင် အောင်ကလာပ်ပေါ်ရွာအတွက် ဟုဆိုကာ သက်ဆိုင်ရာလူကြီးများက စာသင်ကျောင်းဆောက်လုပ်နိုင်ရန် မြေနေရာထားရှိပေးခဲ့ကြောင်းသိရသည်။
“ခုကကျောင်းဖွင့်ခါနီးပြီ၊ ကလေး(၆၀)ကျော်လောက်စာသင်နိုင်ဖို့က စာသင်ကျောင်းလိုအပ်တယ်၊ခုကအောင်ကလာပ်ဆိုပြီးကျောင်းနေရာမြေကွက် ရှိတယ် ကျောင်းကဆောက်နိုင်သေးဘူး၊ကလေးတွေအတွက်တော့ ခြံထဲမှာ တဲထိုးပြီးစာဖတ်ဝိုင်းပုံစံလုပ်ပေးထားတယ်၊ စစ်ရှောင်ထဲကကောင်မလေးနှစ်ယောက်ကို ဦးဆောင်ခိုင်းပြီးတော့ ကလေးကို ထိန်းတဲ့သဘောမျိုးပေါ့နော်၊ ပြီးခဲ့တဲ့ ၂လပိုင်းမှ ခုထိ ၄ လလောက်ရှိပြီ”ဟုစစ်ရှောင်ကူညီကောမတီဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုနေရာရှိကျောင်းနေအရွယ်ကလေးငယ် ၆၀ ကျော်ဝန်းကျင်သည် လာမည့် ၆ လပိုင်းတွင် ကလေးများကို KGမှ Grade-5 အထိ စာသင်ကျောင်းရှိလာစေရန်လိုအပ်ခြင်း အတန်းတက်နိုင်အောင် စာသင်ပေးမည့်ကျောင်းဆရာ ဆရာမများလည်း လိုအပ်နေကြောင်းသိရသည်။
လက်ရှိတွင် စစ်ရှောင်ကလေးများရော ကျေးရွာတွင်းစာသင်ကျောင်းရှိလာစေရန် တာဝန်ရှိ ကောမတီအဖွဲ့များ ရွာခံများ ကျေးရွာခံဥက္ကဌများအပါအဝင် စာသင်ကျောင်းရှိလာစေရန် ဆန္ဒပြင်းပြနေကြကြောင်းဆိုသည်။
“စာသင်ကျောင်းကမရှိဘူး၊ အခုကျွန်မတို့ကောမတီရော ရွာခံတွေရော အားလုံးကသဘောတူကြတယ် ဖြစ်ချင်ကြတယ်၊ တစ်ခုက မြေနေရာကရှိတယ် ကျောင်းဆောက်နိုင်ဖို့က အခက်ခဲရှိတယ်၊ ကျွန်မတို့တော့ လက်ရှိထဲထဲဝင်ဝင် စီစဥ်ချင်တာပါ ကျွန်မတို့အားလောက်ကျတော့လည်း မနိုင်ပြန်ဘူး ရွာခံ အခြေအနေနဲ့လည်းအခက်ခဲရှိတယ် အခွင့်ရေးသာရရင် အလှူရှင်တွေနဲ့ချိတ်ဆက်ချင်တယ်”ဟု ၎င်းအမျိုးသမီးကဆက်ပြောသည်။
ကလေးများ စာသင်နိုင်ရန် တာဝန်ရှိသူရော ကလေးမိဘများအပါစိတ်အားထက်သန်သည်မှာ နိုင်ငံရေးပဋိပက္ခကြားတွင် ကလေး၏ပညာရေးဆုံးရှုံးနေရခြင်းအပြင် အန္တရာယ်ကြုံနေရခြင်းများကို မလိုလားအပ်ကြောင်းသိရသည်။
ယင်းနေရာ၌ ပြီးခဲ့သည် ၂လပိုင်းတွင် ကလေးငယ်တစ်ဦး ချောက်ကျသေဆုံးခဲ့ပြီး ဧပြီလ ၂၈ရက်နေ့တွင် နွေရာသီရေရှားပါးခြင်းမှ မသန့်ရှင်းသောရေများ အသုံးပြုရသည့်အတွက် ဝမ်းလျော်ဖြစ်မှုကြောင့် ကလေးငယ်တစ်ဦး ထပ်သေဆုံးခဲ့ရ ကြောင်း၊ အခြားသုံးလေးဦးလည်း ဆေးရုံတင်ရကြောင်း၊ အချို့ကလေးများ အရေပြားရောဂါဖြစ်ပွားမှုလည်း ရှိနေကြောင်းသိရသည်။