ခမ်းသားငေါဝ်း၊ မေလ ၂၆၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုနှစ်စိုက်ပျိုးရာသီနီးစပ်လာသည်နှင့်အမျှ စိုက်ပျိုးစရိတ်နှင့်ကုန်ကြမ်းများ ပိုမိုမြှင့်တက်လာမှုကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်၊၊
စိုက်ပျိုးရေးအတွက် မြေသြဇာ၊ မျိုးစေ့၊ ဓာတ်ဆီ၊ဒီဇင်စျေးနှင့် လုပ်အားခများ ယခင်နှစ်ထက် စျေးပိုမြှင့်တက်လာခြင်းဖြစ်သည်ဟု စိုက်ပျိုးတောင်သူထံသိရှိရသည်၊၊
“ခြံထယ်ခတွေဆိုလည်း စျေးတော်တော်တက်တယ်မနှစ်ထက် ၈၀၀၀/၁၀၀၀၀ လောက်တက်တယ် ပြောင်းစျေးဆို ၆၂၅၊ ၈၀၈၊ ၆၂၁ မျိုးတွေက ခုဆို ၉သောင်းဝန်းကျင်မှာ ရှိနေပြီ၊ အချို့ဆိုင်က ၉သောင်းကျော်တယ် အဲအမျိုးအစားပိုသုံးကြတယ်ဒီနှစ်က လုပ်အားခလည်းစျေးတက် အစစအရာရာတက်နေတော့ အဆင်ပြေမနေဘူးဗျာ”ဟု ပြောင်းစိုက်ပျိုးသူ တစ်ဦးကပြောသည်၊၊
ယခုနှစ် မြေသြဇာစျေးသည် အရင်နှစ်စျေးထက်သုံးဆ ပိုတက်ပြီး လုပ်အားခနှင့်စက်ထွန်ခတို့လည်း ယခင်နှစ်ထက် ပိုပေးရကြောင်း သိရသည်၊၊
လက်ရှိတွင် လုပ်အားခသည် လူတစ်ဦးလျှင် ၇၀၀၀မှ ၁၀၀၀၀ကျပ် အထိရှိနေပြီး ခြံထယ်ခ တစ်နာရီလျှင် ၄၅၀၀၀ကျပ်အထိမြှင့်တက်ပြီး ယခင်နှစ်ထက် စျေးပိုတက်နေကြောင်း သိရသည်၊၊
ဦးမောင်မောင်ကလည်း ” အကုန်စျေးတက်နေတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး ပွဲစားတွေ အရင်ယူရတယ် ပြောင်းထွက်ရင်တော့ ပွဲစားကိုပဲရောင်းရမှာပေါ့ ပွဲစားထံယူထားတယ် ထွက်တဲ့အချိန်ပွဲစားထံပြန်သွင်းတယ် ပြောင်းစျေးမမိရင် ဘာမှမကျန်ပဲ သူများကိုအလုပ်လုပ်ပေးနေရသလိုပဲဖြစ်သွားမှာပေါ့နော်”ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
စျေးသက်သာသော ကုန်ကြမ်း မျိုးစေ့ကို သုံးသော တောင်သူများ ရှိသကဲ့သို့ မသုံးသော တောင်သူများလည်းရှိပြီး အနည်းစုသာလျှင် စျေးသက်သာသော မျိုးစေ့ကို သုံးကြကြောင်း၎င်းက ဆက်ပြောသည်၊၊
ထို့အပြင် အချို့တောင်သူများသည် စျေးသက်သာသော မျိုးစေ့ကိုသုံးလျှင် အထွက်နှုန်းနည်းပြီး အပင်မကောင်းမည်ဆိုးသောကြောင့် ပွဲစားထံ ကြိုတင် ယူကြကြောင်း သိရသည်၊၊
ကုန်ကြမ်းနှင့် လုပ်အားခ စျေးမြှင့်တက်မှုကြောင့် လာမည့် ပြောင်းထွက်ချိန်တွင် စျေးကောင်းရရန် အင်းလေးဒေသခံများက မျှော်လင့်နေကြကြောင်း သိရသည်၊၊
အာဏာသိမ်းပြီးနောက်ပိုင်းနှင့် ယခုချိန်ထိနိုင်ငံရေး မတည်ငြိမ်သည့်အပြင် ကုန်စျေးနူန်းတက်မှု၊ ကျေးရွာတွင်း ဆက်ကြေးအခွန်ကောက်ခံမှုများကြောင်း ဒေသဖက်ဝင်ငွေနှင့် ကိုက်ညီမှုမရှိဘဲ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများက နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပိုမိုရွေးချယ်လာကြကြောင်း အင်းလေးဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *