ခမ်းသားငေါဝ်း၊ မေလ ၂၅၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ နောင်စံဖူးကျေးရွာအုပ်စုတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ဒေသခံများ၏ဖုန်းများကို
သိမ်းဆည်းသိမ်းယူမှုပြုလုပ်နေခြင်းကြောင့် ဒေသခံများအတွက်အခက်ခဲဖြစ်နေရသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
ဖုန်းများသိမ်းဆည်းရာတွင် ကျေးရွာဥက္ကဌများ၊ ရွာသူကြီးများမှတဆင့် မေလ(၂၃)ရက်နေ့တွင်စတင်သိမ်းဆည်းခဲ့ပြီး မနေ့(၂၄)ရက်နေ့က SSPP တပ်ဖွဲ့ကို ပေးအပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ဖုန်းသိမ်းလိုက်တော့ပြဿနာ အကြီးအကျယ်ဖြစ်တာပေါ့နော်၊ ဘာလို့ဆို ခုလက်ရှိ အားလုံးက ဖုန်းနဲ့အလုပ်လုပ်ကြတာဆိုတော့လေ၊ကိုယ်ဆက်သွယ်ရမယ့်ကိစ္စတွေ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေတော့ဘူး၊ခေတ်ကာလအရပြောရင်အတော်လေးအဖြစ်ဆိုးတာပေါ့နော်”ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။
နောင်စံဖူးအုပ်စု၌ ကျေးရွာ(၇)ရွာ (၈)ရွာ ရှိရာတွင် သက်ဆိုင်ရာဒေသများ၏ဖုန်းကို အကုန်လိုက်သိမ်းပြီး သတင်းအမှောင်ချသည့်သဘောတက်ရောက်‌ နေကြောင်း ဒေသခံများက ပြောဆိုသည်။
SSPPမှ ဖုန်းသိမ်းရာတွင် မည်သည့်အကြောင်းပြချက်တစ်စုံတစ်ရာမပေးပဲ သိမ်းဆည်းခဲ့ကြောင်းသိရသည်။
“သိမ်းပြီးရက်ကထဲက သိမ်းပြီးတော့ ဘယ်တော့ပြန်ပေးမလဲ ဆိုတာမသိဘူး၊ဘာမှလည်းမပြောဘူး၊အပိုင်သိမ်းတာလားလည်းမသိရဘူး၊သူတို့လုပ်ရပ်တွေကို သတင်းမပျံ့အောင်ဆိုတဲ့ရှည်ရွယ်ချက်နဲ့လား၊ ဒါမှမဟုတ်သတင်းအမှောင်ချဖို့လား။ ဘာအကြောင်းပြန်ချက်မှ မပေးပဲ တစ်အုပ်စုလုံးရဲ့ဖုန်းတွေကိုသိမ်းပြီးသွားပြီ”ဟု ၎င်းကဆက်ပြောသည်။
SSPPတပ်ဖွဲ့သည် ပြီးခဲ့သည့်​မေလ(၂၁)ရက်နေ့တွင် ရန်လွယ်ရွာခံ ဦးကွီထွေးကိုသတ်ဖြတ်ခဲ့ပြီးနောက် သတင်းပျံ့နှံ့မှုကြောင့် ယင်းကိစ္စပိုမိုမပပျံ့နိုင်အောင်တမင်သက်သက်သတင်းအမှောင်ချခြင်းဖြစ်နိုင်ကြောင်း အချို့ရွာခံများကပြောဆိုကြသည်။
SSPPတပ်မှ ဒေသခံပြည်သူ၏ဖုန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဆုနှင့် ဗိုလ်မှူးစိုင်းဖုန်းဟန်တို့ကိုခမ်းသား‌ငေါဝ်းက ဆက်သွယ်‌မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပါ။
ယခုလုပ်ရပ်များကို SSPP တပ်ဖွဲ့အပြင် အခြားမည်သည့်အဖွဲ့အစည်းမဆို ဤလုပ်ရပ်ကို ခေတ်ကာလအရ လုံးဝမဖြစ်သင့်ကြောင်းနှင့် ယင်း SSPP ၏လုပ်ရပ်ကိုဒေသခံများအနေဖြင့်ကန့်ကွတ်ရှုတ်ချကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *