ခမ်းသားငေါဝ်း၊ မေလ၂၃၊ ၂၀၂၃
ကယား(ကရင်နီ)ဒေသ ၊စစ်ဘေးရှောင်စခန်း ၁၆ ခုမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် စာသင်အဆောင်၊ သင်ထောက်ကူပစ္စည်းများအပါအဝင် ဆရာ/မများ အကူအညီအထောက်အပံ့များစွာလိုအပ်နေကြောင်း မေလ ၂၃ ရက်နေ့တွင်သိရှိရပါသည်။
ကျောင်းသား/သူ များသည် လက်ရှိစစ်ဘေးရှောင်ကလေးသူငယ်များဖြစ်ကြပြီး ကျောင်းတက်မည့်ဦးရေ ၂၅၀ ကျော်ရှိကာယခုကျောင်းဖွင့်ရာသီတွင်ကျောင်းသားဦးရေပိုမိုများလာနိုင်ကြောင်း သိရသည်။
”လောလောဆယ်စာသင်ဆောင်တွေမလောက်သေးတော့ ကလေးတွေကြပ်ညှပ်ပြီးတော့ သင်နေခဲ့ရတယ်” ဟု စာသင်အဆောင်ဆောက်လုပ်ကူညီပေးသည့် SSLRU တာဝန်ခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ကျောင်းဆရာ/ ဆရာမများလည်း ထောက်ပံ့ကြေးတစ်စုံတစ်ရာမရရှိသည့်အတွက် စားဝတ်နေရေးအခက်ခဲနှင့် ကျောင်းသွားပြန်စရိတ်များလိုအပ်နေကြောင်းသိရသည်။
” အခုက စစ်ဘေးရှောင်ကျောင်းသားတွေအကုန်လာတက်တဲ့ကျောင်း ဘုံကျောင်းပေါ့ဗျာ ကလေးတွေရဲ့ပညာရေးကို ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းပြီးတော့ တတ်နိုင်သမျှ ကူညီပေးကြဖို့ ထပ်မံမေတ္တာရပ်ခံပါတယ်” ဟု ၄င်းတာဝန်ရှိသူမှ ဆက်လက်ပြောသည်။
ယခုနစ်စစ်ဘေးရှောင်ကျောင်းသား/သူ များစာသင်ကြားရန် စုစုပေါင်းကျောင်းသားဦးရေ ၃၀၀ အထက်ရှိလာနိုင်ပြီး ကိုယ်ထူကိုယ်ထကျောင်းဆောက်၍ စာသင်ကြားပေးရန် ကြိုးပန်းနေကြ ကြောင်းသိရှိရသည်။
မေလ ၂၁ ရက်နေ့တွင် ရှမ်းတောင်ဒေသခံတော်လှန် ရေးတပ်ဖွဲ့များအနေဖြင့်လည်း တတ်နိုင်သမျှ လုပ်အားငွေအားဖြင့် သုံးဆောင်တွဲအဆောင် ၁ ခု နှင့် ယင်လုံအိမ်သာ ၄ လုံးတို့အားဆောက်လုပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
#PPV-006