ခမ်းသားငေါဝ်း၊ မေလ ၂၁၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့မြို့နယ်ဖြစ်ပြီး အေးချမ်းသာယာ သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ပြည်သူ့စစ် အဖွဲ့အစည်း အများစုတည်ရှိနေသည့် မြို့နယ် လည်းဖြစ်သည်။
ထိုအေးချမ်းသာယာသည့်မြို့နယ်သည် ယခုတွင် လောင်းကစားဝိုင်းကြောင့် ပျက်စီးမှုများဖြစ်စေတော့မည်။ ကလေးသူငယ်၏ အကျင့်စာရိတ္တကိုပျက်ပြားစေသည့် ရက်ရှည်လောင်းကစားဝိုင်းသည် နမ့်စန်မြို့နယ် အတွင်း တွင် တွင်တွင်ကျယ်ကျယ် လွတ်လွတ်လပ်လပ် ဖွင့်လှစ်လာခဲ့သည်။ ထိုဒေသ တွင်စစ်ကောင်စီ လက်အောက် ပြည်သူ့စစ်အဖွဲ့က သူတို့ကိုယ်တိုင်ဦးဆောင်ဖွင့်လှစ်သည့်အတွက် ဘယ်သူမှ မပြောရဲမဆိုရဲ ရှိကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်စန်မြို့နယ်တွင် လောင်းကစားဝိုင်းများ လွတ်လွတ်လပ်လပ် ဖွင့်လှစ် လာသည့်အတွက် ဒေသတွင်း လူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသား အရွယ်မျိုးစုံ ဝင်ရောက် ကစားကြပြီး အသက်မပြည့်သည့် ကလေးသူငယ်အထိ လာရောက်ကစား လာကြသည်ဟု ဒေသခံများ ထံသိရသည်။
“လောင်းကစားဝိုင်းကတော့သိတဲ့အတိုင်းပဲမဆန်းတော့ဘူးလေ၊ အရမ်းလည်းကြာပါပြီ၊ ညတိုင်းရှိနေတာကို ဒီနွေရာသီကျောင်းပိတ်တော့ အသက် ၁၃၊ ၁၄ ကလေး ပါသွားရောက် ကစားကြတယ်၊ ခုကျောင်းပြန်ဖွင့်ခါနီးပြီ ကလေးကိုကြည့်ရတာအခြေနေမဟန်တော့ဘူး၊ ပညာရေးကိုစိတ်မဝင်စားတော့ပဲ လောင်းကစားလိုင်းကို အားသာနေတယ်၊ တချို့ကလေးတွေ ကဆေးလိပ်တွေသောက်တတ်လာတာတွေ့ရတယ်”ဟု ဒေသခံ အမျိုးသား တစ်ဉီးကပြောသည်။
လောင်းကစားဝိုင်းအတွင်း အမျိုးသား၊ အမျိုးသမီး အကုန်လုံးလာရောက်ကစားကြသည့်အတွက် အိမ်ထောင်ရေး ပြဿနာများ၊ မိသားစုပြဿနာများ ဖြစ်ပွားလာခဲ့သည်။ ထို့အပြင် ခိုးဆိုးလုနိုက်မှုလည်း များလာသည့်အတွက် ဒေသတွင်းလုံခြုံရေးကိုပါထိခိုက်လာရသည်။
လောင်းကစားဝိုင်းကို ပေါ်ပေါ်တင်တင်ဖွင့်လှစ်ပြီး နာမည်ကြီးအဆိုတော်များကို ဖိတ်ခေါ်ကာ ဖွင့်လှစ်သည်အထိ ဖြစ်လာခဲ့သည်။ နမ့်စန်မြို့အပြင် လွိုင်လင်မြို့ရှိ ရှုခင်းသာ ထင်းရှူးမြိုင်တောအတွင်းတွင်လည်း လောင်းကစား ဝိုင်းအကြီးအကျယ်ဖြင့် ညတိုင်းဖွင့်လှစ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
“ဒီ‌လောင်းကစားဝိုင်းနဲ့ပတ်သက်ရင်‌တော့ အိမ်ထောင်း‌ရေးပျက်စီးရတာတွေတွေ့ရတယ်၊ လောင်းကစားဆိုမှ တော့ဘယ်လောင်းကစားမှ မကောင်းပါဘူးပေါ့နော်၊ လောင်းကစားမှရတဲ့အခွန်တွေလည်း သူတို့က စစ်သားတွေ ရဲတွေနဲ့ ပေါင်းစားတာကိုး လနဲ့ချီဖွင့်လှစ်နေမှာပဲ သူတို့မကိုက်မချင်းပေါ့ ကျွန်တော်တို့အနေနဲ့မကြိုက်လည်း သူများကိုမနိုင်ဘူးလေ သူများကအဖွဲ့အစည်းနဲ့ ပါဝါနဲ့၊ သေနတ်တွေနဲ့ ကျွန်တော်တို့မှာသေနတ်မှမရှိတာ၊ မကြိုက်လည်းဘာထူးမှာလဲ တော်ကြာအပစ်ခံရလား အဖမ်းခံရမလားပေါ့ ဒေသခံကျွန်တော်တို့ အနေနဲ့ ဘယ်လောက်ပဲ မကြိုက်မနှစ်ဘူးပြောပြော သည်းခံနေရမှာပါပဲ စိတ်လေးမိတာက ဒေသခံတွေရဲ့ရှေ့ရေး ကလေးတွေရဲ့အနာဂတ်ပါ ဒီလိုကိစ္စဘယ်သူက အရေးယူပေးမှာမို့လဲ သူတို့ကိုယ်တိုင်ဦးဆောင် လုပ်မှတော့” ဆိုပြီး‌အမည်မဖော်သည့်ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးကဆိုသည်။
နမ့်စန်မြို့ပတ်ပတ်လည်လောင်းကစားဝိုင်းပွဲထဲတွင် ဒေသတွင်းလူအရွယ်မျိုးစုံ ဆော့ကစားနိုင်းရန် လောင်းကစား အမျိုးအစား(၂၀)လောက်ထိ ထည့်သွင်းဖွင့်လှစ်ပေးပြီးအမျိုးသမီးနှင့် အသက်(၁၀)နှစ် ကျော် ကလေးများ အပါ စိတ်ဝင်တစားလာရောက် ဆော့ကစားနေကြောင်းသိရသည်။
ဟိုင်းဖက်၊ ဟိုင်းနားကျေးရွာအရှေ့ဘက်ရှိ သစ်ကွင်းအတွင်း၌ဖွင့်လှစ်သည့် လောင်းကစားဝိုင်းသည်လည်း နေ့ရော ညပါ (၂၄)နာရီလုံး အကြီးအကျယ်ဖွင့်ပေးနေလျက်ရှိပြီး နေ့ဘက်တွင် ငါးပစ်ဂိမ်းများပါဖွင့်လှစ်နေ ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
“ကျွန်မသိသလောက်ဆို‌(၂၄)နာရီလုံးဖွင့်တယ် ဟိုင်းဖက်မှာဆိုငါးပစ်ဂိမ်းတွေပါ လေးငါးခုံတွေ့တယ်၊ ခုလို အချိန်ပြည့်လောင်းကစားဝိုင်းကြောင့် သူခိုးတွေများတော့မလုံခြုံနေဘူး၊ အရင်နမ့်စန်ဘက်ရွာတွေက ခြံစည်းရိုး မခတ်တံခါးမပိတ်ပဲ အိပ်လို့ အဆင်ပြေသေးတယ်၊ ခုနောက်ပိုင်း ခတ်ထား ပိတ်ထားလည်း အိပ်လို့မပြေတော့ဘူး၊ ယောက်ျားလေးမရှိတဲ့အိမ်ဆို ပိုဆိုးတာ စိတ်ချလို့မရတော့ဘူး” ဟုနမ့်စန်မြို့ခံ အမျိုးသမီး တစ်ဦးကပြောသည်။
၎င်းလောင်းကစားဝိုင်းသည် ဒေသတွင်းရှိ ဟိုမိုင်း၊ နားရိုင်း၊ မဟာဂျာစသည့်ပြည်သူ့စစ်များနှင့် မြို့နယ်တပ်ထိန်းများ ရဲများတို့မှ ပူးပေါင်းဖွင့်လှစ်ပေးခဲ့ကြောင်းဒေသခံပြောပြချက်အရ သိရသည်။
“ကျွန်မတော့မသွားဖူးဘူး၊ လောင်းကစားဝိုင်းပွဲကွင်းထဲက ဒီထင်ရှုးမြိုင်ထဲမှာပဲလုပ်တာ ညတိုင်းရှိတယ်၊ အရမ်းကြာပြီ ကျွန်မမှတ်မိသလောက်ဆို နှစ်ညသုံးညလား အဲလောက်ပဲသူတို့နားတာ ဒီမှာလည်းအဖွဲ့အစည်း တွေကပဲဦးဆောင်ပြီးလုပ်တာ၊ပိုက်ဆံချမ်းသာတဲ့သူတွေတော့ မြို့ထဲကနေလည်း သွားရောက်ကစားကြတာပေါ့၊ အမှန်ဒါမျိုးကဆိုးကျိုးတွေများလို့ ဒီလိုကောင်းကစားဝိုင်းကိုမကြိုက်ဘူး၊”ဟု သူမကဆက်ပြောသည်။
လောင်းကစားဝိုင်းရှိသည့်နေရာဒေသတွင် သူခိုးများ၊ ပစ္စည်းခိုးယူခြင်းရှိနေသည့်အပြင် အနီးရှိလွိုင်လင်၊ ပင်လုံမြို့ အတွင်းတို့၌လည်း သူခိုးပေါများခြင်းနှင့် ကျေးရွာအတွင်းအထိပါသူခိုးရှိလာနေကြောင်းသိရသည်။
လွိုင်လင်ခရိုင်အတွင်းဖြစ်သည့် လွိုင်လင်၊ ပင်လုံ၊ နမ့်စန် စသည့်ဒေသများသည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်းကထဲကပင် အလှူငွေများ၊ ရှိုးပွဲများ ဇာတ်သဘင်ပွဲများစသည်ကိုဗန်းပြပြီး လောင်းကစားဝိုင်းကို နှစ်စဥ်နီးပါးနေရာအတော်များများ၌ ဖွင့်လှစ်လာခဲ့ကြောင်းဒေသခံများပြောဆိုချက်အရသိရသည်။
ယင်းလောင်းကစားဝိုင်းသည် ဒေသခံများ၏အကျိုးစီးပွားကိုထိခိုက်ပျက်စီး ယိုယွင်းစေသည့်အပြင် အသက်အ ပြည့်သေးသောလူငယ်များအပါအဝင် ထိခိုက်ပျက်စီးလာနေသည်ကို ဒေသခံပြည်သူများအနေဖြင့် မနှစ်သက် မလိုလားအပ်ကြပေ။
ဆယ်စုနှစ်ကြာ သွင်ကျယ်လာလျက်ရှိသောလောင်းကစားဝိုင်းကို မြို့နယ်အတွင်းတပ်ထိန်းများ ရဲများနှင့် ပြည်သူ့စစ်များကိုယ်တိုင်ဦးဆောင်ကျင်းပနေသည့်အတွက်ကြောင့် ‌‌ဒေသတွင်းပြည်သူများ၏ ဘဝနေထိုင်မှု ကိုထိခိုက်ပျက်စီးစေပြီး လူငယ်၏အနာဂတ်ပညာရေးများ အကျင့်စာရိတ္တများပျက်ပြားနေရဦးမည်ကို ဒေသခံ ပြည်သူများကစိုးရိမ်နေရဆဲဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *