ခမ်းသားငေါဝ်း၊ မေလ ၁၇၊၂၀၂၃
မြန်မာနိုင်ငံပြည်သူအတွက် အမေရိကန်နိုင်ငံကဖော်ဆောင်ပေးသည့် Burma Act ကို အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရပါတီခေါင်းဆောင်က ဆိုသည်၊၊
ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် Move Forward ပါတီခေါင်းဆောင် Mr. Pita Limjaroenrat သည် မြန်မာအရေးဦးစားပေးဆောင်ရွက်ပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အလယ်အလတ် ဖြစ်တဲ့နိုင်ငံတွေအတွက်က အချင်းချင်းဖေးမကူညီနေဖို့လိုတယ်။ ဒေသတွင်း တည်ငြိမ်ရေးကအရေးကြီးတယ်။ Burma Act ကိုပြဌာန်းလာတဲ့ အမေရိကန်နိုင်ငံရဲ့ မူ၀ါဒတွေက အရေးကြီးတယ်။ ဒီလို နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ပူးပေါင်းပြီး မြန်မာပြည်သူတွေဟာ သူတို့နိုင်ငံအရေးကို သူတို့ကိုယ်တိုင်ဖြေရှင်းလာနိုင်အောင် ဆောင်ရွက်သွားမယ်”ဟု အနိုင်ရပါတီခေါင်းဆောင်ကဆိုသည်၊၊
ထို့အပြင် အာဆီယံဘုံသဘောတူညီချက်(၅) ရပ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် တိုက်တွန်းသွားမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအတွက် စစ်ပွဲကင်းမဲ့ဇုန်တွင် ဖော်ဆောင်ကူညီပေးသွားမည် ဖြစ်ကြောင်းလို့ ၎င်းကဆက်ပြောသည်၊၊
Move Forward ပါတီသည် လူငယ်များဖြင့် ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုင်းရွေးကောက် ပွဲတွင် မဲအရေအတွက် ၁၄ သန်းဖြင့် ဦးဆောင်ကာ အောက်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၅၁ နေရာရရှိထား၍ ပါတီခေါင်းဆောင်က ဝန်ကြီးချုပ်ဖြစ်လာရန်ရှိနေကြောင်း သိရသည်။
မြန်မာရွေ့ပြောင်းလုပ်သား တစ်ဦးကလည်း “မဲပေးတဲ့ရက်မတိုင်ခင်မှာ သူကပြောထားတယ် ဒီနယ်ခြားအလုပ်သမားတွေကို အရင်လို လုပ်လို့မရတဲ့အလုပ်တွေကို မကန့်သတ်တော့ပဲ အရည်အချင်းရှိရင် ဘယ်အလုပ်ကိုမဆို လျှောက်လို့ရတယ် တန်းတူညီမျှခွင့်ရရမယ် သူတက်လာမယ့်အချိန်ကျရင် တန်းတူညီမျှခွင့်ရှိသင့်လို့ တန်းတူညီမျှခွင့်ရရမယ်လို့ ပြောထားတယ် အရင်ကဆို ကိုယ်လျှောက်ချင်တဲ့အလုပ်ကို လျှောက်ခွင့်မရှိဘူး အခုသူတက်လာရင် သူပြောသလို တကယ်ခံစားခွင့်ရဖို့မျှော်လင့်တယ်”ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
ယခင်တွင် နယ်ခြားရွေ့ပြောင်းလုပ်သားများအတွက် MOU, Pink card နှင့် CI ကိုင်ဆောင်သူများသည် ရုံးဝန်ထမ်း၊ဆိုင်ကောင်တာ အလုပ်များလုပ်ကိုင်ခွင့်မရှိကြောင်း ထုတ်ပြန်ထားသော်လည်း အချို့သောအလုပ်ရှင်သည် နားလည်မှုဖြင့် အလုပ် ခန့်ပေးမှုရှိပြီး လစာနှင့် အခြားသောခံစားမှုအပါ တန်းတူခံစားခွင့်မရရှိကြောင်း ၎င်းကဆက်ပြောသည်၊၊
ရွေးကောက်ပွဲရလဒ်များအား ထိုင်းရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုထုတ်ပြန်ရန် ရက်သတ္တပတ် အနည်းငယ် စောင့်ဆိုင်းရမည်ဖြစ်သော်လည်း လက်ရှိအချိန်၌ Move Forward ပါတီသည် မဲအများဆုံးရရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed