ခမ်းသားငေါဝ်း၊ မေလ ၁၇၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် အလွယ်တကူရရှိနိုင်ပြီး ရောင်းဝယ်သူပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ယာမ (ခေါ်) မူးယစ်ဆေးဝါးကို ခိုးရောင်းသူပိုများလာသည့်အတွက် သုံးစွဲသည့်လူငယ်လူလတ်လည်း ပိုများလာကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
“အခုက မူးယစ်ဆို ရွာတိုင်းလိုလိုမှာ ရောင်းတဲ့သူ ရှိတယ် အလွယ်လည်းရကြတယ် ဒီမူးယစ်ဆေးဝါးက ဘယ်ကနေသယ်တာ ဘယ်ကနေလုပ်နေတာ မသိဘူး။ ပိုများနေတာတော့တွေ့ရတယ် အဓိက ရောင်းဝယ်နေတဲ့သူကို ထိထိရောက်ရောက်အရေးယူဖို့ လိုတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းသတင်း ဌာနသို့ ပြောသည်။
အထူးဒေသ ၆ အတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းနှင့်ပတ်သက်ပြီး အရေးယူ‌ ဆောင်ရွက်သွားမည်ဟု ယခင်က ‌ ဒေသခံ PNA ပြည်သူစစ်အဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။
ပင်လောင်းမြို့နယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ဒီလို ရွာအတွင်းမှာ မူးယစ်‌ဆေးဝါးသုံးစွဲသူ ရောင်းဝယ်သူများလာသည့်အတွက် ရွာမှာ သာရေး နာရေး လူမှူရေးလုပ်တဲ့နေရာမှာ ပြောရခက် ဆိုရခက်တာတွေဖြစ်လာတယ် ထိထိရောက်ရောက်အရေးယူဖို့လိုတယ်”ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး‌နောက်ပိုင်း ပင်လောင်းမြို့နယ် မူးယစ်ဆေးဝါးရောင်းဝယ်သူ ပိုမိုများလာပြီး စစ်တပ်နှင့်လက်နက်ကိုင်အဖွဲ့အချို့က မူးယစ်‌ဆေးဝါးနှင့်လက်နက်များ လဲလှယ်ခြင်းများလည်းရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယခုနောက်ပိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများလာမှုကြောင့် ရပ်ရွာဒေသလုံခြုံရေးကို ခြိမ်းခြောက်လာပြီး စိုက်ပျိုးသီးနှံများ ခိုးခြင်း၊ ဆေးကြောင်ပြီးအကြမ်းဖက်ကျူးလွန်ခြင်းများ နောက်ဆက်တွဲဖြစ်လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *