ခမ်းသားငေါဝ်း၊ မေလ ၁၇၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ် အပေါ်ရွာရှိ စစ်‌‌ရှောင်စခန်းတွင် စစ်ရှောင် ပြည်သူများ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဆေးဝါးများ အရေးပေါ်လိုအပ်ကြောင်း မေ ၁၇ ရက်က စစ်ရှောင်ကူညီသူတစ်ဦးထံ သိရသည်၊၊
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ဆေးဝါးအလုံအလောက်မရှိခြင်းကြောင့် ၂နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ လက်ရှိတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူ ဆေးဝါးများလိုအပ်ပြီး အလှူရှင်များကို မျှော်လင့်နေကြောင်း သိရသည်၊၊
” အရှေ့က ကလေးနှစ်ယောက် သုံးယောက် အရင်ဖြစ်တယ် ပြီးတော့ ဆုံးသွားတဲ့ ကလေးက တစ်နေ့နဲ့တစ်ညဘဲ ဖြစ်သေးတယ်။ လွိုင်ကော်ဆေးရုံကို ပို့ဖို့ လုပ်တုန်း သူဆုံးသွားတယ်။ စခန်းမှာ ဆေးလည်း မရှိဘူး။ ခုလို ဖြစ်တာက ရေကြောင့်လား မသန့်ရှင်းတဲ့ အစားအစာကြောင့်လား တော့မသိဘူး။ ကလေးတွေနဲ့ ကိုယ်ခံအားနည်းတဲ့လူ ဖြစ်တာများတယ်”ဟုစစ်ရှောင်တစ်ဦး ကပြောသည်။
အဆိုပါ စစ်ရှောင်များသည် မသန့်ရှင်းသော ရေကို သောက်သုံးရခြင်းနှင့် ရာသီဥတုအပြောင်းအလဲများကြောင့် ဝမ်းလျှောဝမ်းပျက် အကုန်နီးပါး ဖြစ်နေပြီး ကုသရန်အတွက် ဆေးအလုံအလောက်မရှိကြောင်းသိရသည်။
” သူတို့ကစစ်ရှောင်တာ ကာလလည်းကြာပြီ အလှူရှင်လည်း သိပ်မလာဘူး။ ဆန်တွေလည်း ကုန်လို့ဆိုပြီး လာပြောကြတယ်။ အလှူရှင်ကမရှိတော့ ကျမတို့လည်း ဘာပြန်ပြောရမှာလည်းမသိတော့ဘူး “ဟု ၎င်းကဆက်ပြောသည်၊၊
ယင်းစစ်ရှောင်စခန်းသည် ဆေးဝါးအလုံအလောက်မရှိသည့်အပြင် စားနပ်ရိက္ခာများ ရေများနှင့် ကလေးများအတွက် စာရေးကိရိယာများလည်း လိုအပ်လျက်ရှိ ကြောင်းဆိုသည်၊၊
စစ်ရှောင်ကူညီသူတစ်ဦးကလည်း “ကလေးတွေက ကျောင်းနေရမယ့် အရွယ်မှာ ကျောင်းမနေရဘူး အလေအလွင့်လိုဖြစ်နေတော့ ကျမတို့ကလည်း ကိုယ်ထူကိုယ်ထ စာဖတ်ဝိုင်း လုပ်လိုက်တယ် ဒါပေမယ့် ခုမိုးတွေလေတွေလည်းအရမ်းတိုက်နေပြီ မလုံခြုံနေဘူး အကာအခင်းတွေလည်းမရှိဘူးပေါ့နော်”ဟု ခမ်းသားငေါဝ်းကိုပြောသည်၊၊
ထိုစစ်ရှောင်နေရာတွင် စစ်ရှောင်အပါအဝင် ဒေသခံများအတွက်လည်း စာသင်ကျောင်းမရှိသည့်အပြင် အဆင်မပြေမှုများရှိသောကြောင့် ကလေးများ လုံခြုံဘေးကင်းရန် စာသင်ကျောင်းဆောင်ရှိလျှင် ပိုအဆင်ပြေနိုင်ကြောင်း ဆိုသည်၊၊
ထိုစစ်ရှောင်စခန်းတွင် စစ်ရှောင်စုစုပါင်း ၃၀၄ ဦးရှိပြီး လွိုင်လင်လေးမြို့နယ် လွိုင်ကော်မြို့နယ် ဒီး မော့ဆိုမြို့နယ်မှ ဒေသခံများ ဖြစ်ကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *