ခမ်းသားငေါဝ်း၊ မေလ ၉၊ ၂၀၂၃
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အကြားရှိ မျက်ခါးအင်းကျေးရွာတွင် နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီတပ်သားများက မီးရှိုဖျက်ဆီးရာ ထွက်ပြေးတိမ်းရှောင်နေရ သူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရှိရပါသည်။
မေလ ၇ ရက်နေ့က မျက်ခါးအင်းကျေးရွာအနီး ကျွဲတပ်ကျေးရွာ ၊ ကျောက်ပချုပ်ကျေးရွာများက ထွက်ပြေးတိမ်းရှောင်နေရပြီး လူဦးရေ ၂၀၀ ခန့် ရှိကြောင်း ဒေသခံပြောပြချက်အရ သိရပါသည်။
” အဓိက စားသောက်ကုန်တွေ ၊ ဆေးဝါးတွေ လိုအပ်နေပြီး စစ်ဘေးရှောင်စခန်းလို နေရာအတည်တစ်ကျ မရှိနေတာကြောင့် လူဦးရေခန့်မှန်း ရခက်ခဲနေပြီး ၂၀၀ အထက်ရှိနေနိုင်တယ် အခုကနေရာအနှံ့ တိမ်းရှောင်နေရဆဲ” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါသည်။
လွှစင်ကျေးရွာအနီးဘုရားကုန်းပေါ်တွင်အာဏာသိမ်းစစ်ကောင်စီတပ်က ရက်အတန်အကြာတပ်စွဲထားပြီး အနောက်ဘက်သို့ စစ်ကြောင်းထိုးသွားလာရာ လူနေအိမ်ရှိရာကျေးရွာအနီး လက်နက်ကြီးအလုံးရေ တစ်ရာကျော် ပစ်ခတ်ခဲ့ကြောင်း ၄င်းကဆိုပါသည်။
ယခုတစ်ပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သားများက ရွာငံမြို့နယ်မြောက်ခြမ်း နေထိုင်သည့်ပြည်သူ ၂ဦးနှင့် မျက်ခါးအင်းကျေးရွာအနီး ဒေသခံ ၇ ဦးကို ဖမ်းဆီးစစ်ဆေးမှုရှိ‌နေကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *