ခမ်းသားငေါဝ်း၊ မေလ ၉၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နမ်းသြကျေးရွာအနီး ပြီးခဲ့သည့်မေလ(၇)ရက်နေ့တွင် အာဆီယံလူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(AHA Center)၏ ယာဥ်တန်းပစ်ခတ်တိုက်ခိုက်ရမှုပတ်သက်ပြီး PNLO အနေနှင့်ပြုလုပ်စရာအကြောင်းမရှိဟု PNLO တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အာဆီယံသံတမန်၏ ခရီးစဥ်တစ်လျောက်လုံးကို PNLO က ပြီးသည့်ဧပြီလနောက်ဆုံးပတ်အထိပင် ပြင်ဆင်ထားခဲ့ပြီးယာဥ်တန်းတွင် PNLOအရာရှိများလည်းလိုက်ပါခဲ့ကြောင်း သိရသည်။
“အဲ့နေ့က ယာဥ်တန်းမှာ ကျွန်တော်တို့လူကြီးတွေပါပါတယ်၊ဆီဆိုင်ထဲမှာလည်းကျွန်တော်တို့အဖွဲ့ဖြစ်တဲ့ ဒုဥက္ကဋ္ဌတို့ ဗဟိုကောမတီတို့က ကြိုဆိုကြတာပါ၊ ဒီခရီးစဥ်ကကျွန်တော်တို့ကိုယ်တိုင်ပါဝင်စီစဥ်တဲ့ခရီးစဥ်မို့ ပြန်ဖျတ်ဆီးဖို့ကျွန်တော်တို့အဖွဲ့အနေနဲ့ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”လို့PNLOမှတာဝန်ရှိသူ ဗိုလ်မှူးတစ်ယောက်က ခမ်းသားငဝ်းကိုပြောသည်။
NCAလက်မှတ်ရေးထိုးခြင်းသည် လူသားချင်းစာနာထောက်ထားမှုပါရှိကြောင်းနှင့် NCAအတိုင်းလိုက်နာထားသည့်အတွက် အာဆီယံသံတမန်များ လာရောက်ပြီး စစ်ရှောင်များနှင့် တွေ့ဆုံရန်အစီစဥ်ရှိသော်လည်း မနာလိုသည့်လူတစ်စု၏လုပ်ရပ်ကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း ၎င်းကဆက်ပြောထားသည်။
ယာဥ်တန်းပစ်ခတ်တိုက်ခိုက်ခံရမှုတွင် နောက်ဆုံးကားတစ်စီးထိမှန်ခဲ့ပြီး ယာဥ်တန်းပေါ်ပါရှိလူများ ကို ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်ရပ်အနီးရှိဒေသခံများပြောဆိုချက်အရ ရဲများတမင်သက်သက်သေနတ်လာပစ်ဖောက်ခြင်း လက်နက်ကြီးလေးငါးချက်ပစ်ခြင်းနှင့် အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီပူပေါင်းတပ်များအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခြင်းဟု အမျိုးမျိုးပြောဆိုကြသည်။
အာဆီယံ သံတမန်ယာဥ်တန်းပစ်ခတ်တိုက်ခိုက်ရမှုနှင့်ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်တွင် PNLOမှဗိုလ်မှူးကျော်ထင်နှင့် လက်အောက်ငယ်သားများပြုလုပ်ပြီး လက်ရှိတွင်ဖမ်းမိထားကြောင်းပြောဆိုကြသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး PNLO အဖွဲ့မှ ဖြားခွန်ဥက္ကာ၏ RFAသတင်းဌာနနှင့်မေးမြန်းချက်တွင် PDF များလုပ်ခြင်းမဖြစ်နိုင်ပဲ ၎င်းဒေသအတွင်းလှူပ်ရှားသည့်ပအိုဝ်းပြည်သူ့စစ်(PNO) နှင့်စစ်ကောင်စီ တို့ပူးပေါင်းလက်ချက်ဖြစ်နိုင်ကြောင်းသုံးသပ်ပြောဆိုခဲ့သည်။
ထိုအပြင်အင်ဒိုနီးရှားနှင့် စင်ကာပူသံရုံး ကိုယ်စားလှယ်များ၏ ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ ကိုယ်စားလှယ်များနှင့် ဒုက္ခသည်များကို မတွေ့ဆုံနိုင်ရန် မနာလိုသူအချို့၏ တိုက်ခိုက်ခြင်းလည်းဖြစ်နိုင်ကြောင်းပြောဆိုထားသည်။
ယာဥ်တန်းပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး PNO မှ တာဝန်ရှိသူဗိုလ်မှူးလှမောင်(ခ)ခွန်လာမဲင်းကို ခမ်းသားငေါဝ်းက ဆက်သွယ်မေးမြန်းရာတွင်”ဒီကိစ္စကျွန်တော်တို့မသိလိုက်ဘူး၊ မေးချင်ရင်တော့ လွတ်မြောက် ရေးအဖွဲ့ထံမေးရင် အဆင်ပြေမည်”ဟု ပြောဆိုသည်။
ဖြစ်စဥ်ကို စစ်ကောင်စီကလည်းငြင်းဆိုထားပြီးအကြမ်းဖက်သမားများ၏ လက်ချက်ဟုပြောဆိုထားခြင်းရှိသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေ့ဖြင့် မိမိလက်အောက်ခံ PDFများမပြုလုပ်ရကြောင်း ပြောဆိုထားသည်။
၎င်းအာဆီယံယာဥ်တန်းပစ်ခတ်တိုက်ခိုက်ခံရသည့်ကိစ္စကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအလွန်အမင်းစိုးရိမ်ရကြောင်း မေလ(၈)ရက်နေ့တွင်ထုတ်ပြန်ပြောဆိုခဲ့ပြီး ဒီဖြစ်ရပ်ကို ရှုတ်ချကြောင်းစင်ကာပူနှင့်အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ပြောဆိုကြသည်။
မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက်များအတိုင်း အကြမ်းဖက်မှုများလျော့ချနိုင်‌ရေးနှင့် အားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာရန်လည်း စင်ကာပူအစိုးရ၏ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *