ခမ်းသားငေါဝ်း၊ မေလ ၁၊ ၂၀၂၃
မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဖူလုံသောလုပ်ခလစာရရှိရေး၊ လုံခြုံကောင်းမွန်သောလုပ်ငန်းခွင်ဖြစ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့ကို ဆက်လက်ကြိုးပန်းသွားမည်ဖြစ်ကြောင်း ယနေ့တွင်ကျရောက်သည့်ကမ္ဘာ့အလုပ်သမားများနေ့ (မေဒေးနေ့)တွင် မေလ ၁ရက်နေ့တွင် FGWMက ထုတ်ပြန်လိုက်ပါသည်။
အာဏာဖီဆန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားခဲ့ကြသည့် အလုပ်သမားများ ၊ သမဂ္ဂခေါင်းဆောင်များကို စစ်တပ်မှ ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ငန်းရှင်များက အကြောင့်မဲ့အလုပ်ထုတ်ခြင်း၊ လုပ်ခလစာဖြတ်တောက်ခံရခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို မီးဖွားခွင့်မပေးခြင်း၊ လုပ်ငန်းခွင်အတွင်း အတင်းအဓမ္မပြုကျင့်ခံရခြင်း ၊ အခငွေကြေးမပေးဆောင်ပဲ အချိန်ပိုဆင်းခိုင်းခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း စသည့်အလုပ်သမားအခွင့်ရေးများချိုးဖောက်ခံရမှုများဖြစ်ပေါ်လျှက်ရှိနေကြောင်း သိရသည်။
ကမ္ဘာအရပ်အရပ်မှ အလုပ်သမားများအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက လူမဆန်သည့်လုပ်ငန်းခွင်၊ များပြားလှသည့်အလုပ်ချိန်နှင့် နည်းပါးသည့်လုပ်ခလစာ စသည့်အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများကိုခံစားရသည့်အပြင် မြန်မာနိုင်ငံအာဏာသိမ်းမှုနောက်ပိုင်းတွင် ဆိုးဆိုးရွာရွားဆက်လက်ဖြစ်ပေါ်လျက်ရှိနေကြောင်း FGWMကဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင်စစ်တပ်၏အာဏာသိမ်းမှုကို ရဲရဲဝဲ့ဝဲ့ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ကဏ္ဍပေါင်းစုံမှ အလုပ်သမားများ၊ လုပ်ငန်းရှင်များ၏လုပ်ငန်းခွင်တွင် ဖိနိပ်ခေါင်းပုံဖြတ်မှုများကို ခေတ်အဆက်ဆက်က ဆန့်ကျင်တိုက်ပွဲဝင်နေခဲ့ကြသောအလုပ်သမားများအပြင် နွေဦးတော်လှန်ရေးမှသည် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး၊ မတရားခေါင်းပုံဖြတ်မှုများ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုတွင် ကဏ္ဍပေါင်းစုံမှ အလုပ်သမားများနှင့်အတူတိုက်ပွဲဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကမ္ဘာ့စီးပွားရေးကြွယ်ဝမှု၊ နိုင်ငံအတွင်းစီးပွားရေးကုန်ထုတ်လုပ်မှုကြွယ်ဝမှုများသည် အလုပ်သမားများ၏လုပ်အားအပေါ်ရရှိလာသောအကျိုးအမြတ်၏ရလဒ်ဖြစ်ပါသည်။
ထိုကြွယ်ဝမှုများကိုဆောင်ကျဥ်းပေးသောအလုပ်သမားများမှာမူ အဆမတန်ခေါင်းပုံဖြတ်မှုတများကြောင့် ထမင်းနပ်မှန်ရေး နှင့် အမိုးအောက်နေနိုင်ရေး စသည့်ဆိုးရွားသော အခြေအနေမှလွတ်မြောက်ရန် နှစ်ပေါင်း၁၃၀ ကျော် အသက်ပေးတိုက်ပွဲဝင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
” အလုပ်သမားထု၏သွေးစည်းသံ တစ်ချီတည်းရုန်းပြီးအောင်ပွဲခံ” ဆောင်ပုဒ်ဖြင့်နိုင်ငံတွင်းနှင့် နိုင်ငံအသီးသီးရှိသလုပ်သမားများအကြားသွေးစည်းညီညွတ်မှုတည်ဆောက်ကာ လုပ်ငန်းရှင်များ၏ဖိနိပ်မှုနှင့် သွေးစုပ် အမြတ်ထုတ်မှုများကို ဆန့်ကျင်တော်လှန်ကြရန် ကမ္ဘာ့အလုပ်သမားများနေ့ကို ကြိုဆိုဂုဏ်ပြုထားပါသည်။.