ခမ်းသားငေါဝ်း၊ ဧပြီ ၂၉၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ရောက်ရှိနေကြသော စစ်ရှောင်များသည် စိုက်ပျိုးကာလ နီးစပ်လာသောကြောင့် နေရပ်သို့ပြန်ကာ စိုက်ပျိုးကြချင်သော်လည်း မိုင်းအန္တရာယ် စိုးရိမ်နေရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်၊၊
ထိုစစ်ရှောင်များသည် ကရင်နီပြည်နယ် ဒီးမော့ဆို၊ ကုန်းသာ၊ကုန်းဆွတ်ဘက်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ကျေးရွာ၌ မကြာခဏပစ်ခတ်မှုရှိခြင်း နှင့် မိုင်းထောင်ထားခြင်းများလည်းရှိကြောင်း သိရသည်၊၊
“ရွာပြန်ပြီး စိုက်ပျိုးချင်ကြတယ် ဒါပေမယ့် တခါတခါပြန်ဖို့က လမ်းစရိတ်လဲကုန်များတယ် လမ်းစရိတ်အတွက်လည်းမရှိဘူး ပြန်ဖို့အဆင်ပြေရင်လည်း မိုင်းတွေထိမှာကြောက်နေရတယ် ပြီးတော့ရွာဘက်အခြေနေကလည်း ပစ်လိုက်နားလိုက်နဲ့ဖြစ်နေတုန်း “ဟု၎င်းကဆက်ပြောသည်၊၊
ဆီဆိုင် စစ်ရှောင်စခန်းအများစုကို မိုင်းအန္တရာယ်နှင့်ပတ်သတ်ပြီး အဖွဲ့အစည်းများက လာရောက် သင်တန်းပေးခြင်းရှိခဲ့သော်လည်း စိုးရိမ်နေရသေးကြောင်း စစ်ရှောင်များက ဆိုသည်၊၊
“ပြန်စိုက်တဲ့သူလည်း ရှိတယ် သေနတ်သံတွေတော့ ကြားနေရတယ် အရမ်းရှုပ်လာရင် သူတို့ပြန်ပြေးလာတယ် အဆင်ပြေနေတာတော့မဟုတ်ဘူးပေါ့ “ဟု စစ်ရှောင်ကူညီသူတစ်ဦးပြောပြချက်အရသိရသည်၊၊
ထို့အပြင် စစ်ရှောင်များသည် သီးနှံစိုက်ပျိုးရန် ကျေးရွာသို့ ပြန်ကာ စိုက်ပျိုးသူ အနည်းငယ်ရှိပြီး ကျေးရွာတွင် ပစ်ခက်မှု မကြာခဏ ကြားနေရသောကြောင့် ကြောက်လန့်နေရကြောင်း သိရသည်၊၊
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီမှ မကြာခဏ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း ပစ်ခတ်ခြင်းများ ပစ်ခတ်မှု ဖြစ်ပွားနေဆဲရှိကြောင်းသိရသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *