ခမ်းသားငေါဝ်း၊ ဧပြီ ၂၄၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့အနောက်ဖက်ကျေးရွာများနှင့် နောင်တရားဒေသတွင် မိုးရွာပြီး မိုးသီးပါရွာချသောကြောင့် ဒေသခံနေအိမ်များ နှင့် စိုက်ပျိုးထားသော စိုက်ခင်းများ ပျက်စီးခဲ့ရကြောင်း ဧပြီလ ၂၄ ရက်နေ့တွင် သိရသည်။
မတ်လ ၂၁ ၊၂၂ ၊၂၃ သုံးရက်ဆက်တိုက် မိုးရွာပြီး ၂ လက်မခန့်ရှိသောမိုးသီးများပါ ရွာချသောကြောင့် ပင်လောင်းအနောက်ဖက်ရှိ ယေးခဝ်ရွာ၊ယွန်ပျရွာ၊ မင်းဘူးကျေးရွာအုပ်စုဖက်တွင် မိုးသီးကျပြီး ဒေသခံ၏ နေအိမ်သွပ်များ ပေါက်ပျက်စီးခဲ့ရကြောင်းသိရသည်။
ထိုအတူ နောင်တရားဒေသတွင်လည်း ဒေသခံများ စိုက်ပျိုးထားသော ကော်ဖီထုပ်ပျိုးပင်များ၊ လက်ဖက်ညွန့်များ နှင့် ခရမ်းချည်ပင်များ ပျက်စီးခဲ့ရကြောင်းသိရသည်။
“ခုချိန်က အရင်းနှီးတွေက အရမ်းကြီးတယ် ပျိုးပင် က ပျက်စီးသွားတော့ ဘယ်လိုလုပ်ရမယ်မသိတော့ဘူး ကုန်စျေးနှုန်းကတက် သူခိုးကများ၊ ဒီကာလ မှာ ခုလိုရာသီဥတုလည်း ပုံမှန်မရှိတော့ စိတ်ဓာတ်အရမ်းကျရပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ပင်လောင်းဒေသခံများသည် စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်နေကြပြီး ယခုလို ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဒေသထွက်ကုန် စျေးမရှိခြင်းစသည်တို့ကြောင်း ဒေသခံလူငယ်များ ပြည်ပသို့ ထွက်ခွာအလုပ်လုပ်သူ များလာရကြောင်း ၄င်းကဆက်ပြောသည်။
ပြီးခဲ့သည် ၂၀၂၂ခုနှစ် နွေရာသီတွင်လည်း ပင်လောင်းအနောက်ဖက် ယွန်ပျရွာ၊ ယေးခဝ်ရွာတစ်ဝိုက်တွင်မိုးကြီးပြီး မိုးသီးရွာချခြင်းတို့ကြောင့် ဒေသခံ နေအိမ်များ ပျက်စီးခဲ့ဖူးကြောင့်သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *