ခမ်းသားငေါဝ်း၊ ဧပြီ ၂၁၊ ၂၀၂၃
ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေ ရေရှားပါးမှုကြုံနေရလို့ ချက်ပြုတ်ရေးနဲ့ ကိုယ်လက်သန့်စင်ဖို့အတွက် ရေဝယ်သုံးနေရတယ်လို့ ဧပြီ ၂၁ရက်နေ့မှာ သိရပါတယ်။
စစ်ရှောင်အများစုရောက်ရှိနေတဲ့ ပင်လောင်းမြို့နယ်ဟာ နွေရာသီရောက်တိုင်းရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့ရတာပါ။
စစ်ရှောင်စခန်း ၁၄ခုလုံးမှာ ရေရှားပါးတဲ့အတွက် ကလေးငယ်တွေဆိုရင် ဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေပြီး အရေပြားရောဂါနဲ့ ရေယုန် ရေကျောက် ရောဂါ ဖြစ်ပွားတဲ့သူတွေလည်း ရှိနေပါတယ်။
ရေကားတစ်စီးကိုငါးသောင်းကျပ်၊ ရေတစ်ပေပါ(အသေး)ကို ၂၀၀၀ ကျပ် ပေးဝယ်ရတယ်၊ စစ်ရှောင်တွေရော၊ ဒေသခံရော အကုန်ဝယ်သုံးရတာချည်းပဲ၊ ဒီမှာက ရေရှားတယ်လေ၊ တောတွေတောင်တွေနဲ့ ကျောက်တွေနဲ့အဝီစိကိုဘယ်လိုတူးမလဲ၊ ပင်လောင်းမှာတအား အနက်ကြီးတူးနေပြီ၊ ရေမထွက်လာဘူး၊ သိန်းရာနဲ့ချီကုန်လည်း ရေမထွက်ဘူး အစက တူးလက်စနဲ့မို့ဆက်တူးတာ တူးရင်းတူးရင်းနဲ့ ပိုက်ဆံပဲကုန်သွားတယ်”လို့ ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
နယ်ခံအမျိုးသမီးတစ်ဦးကလည်း “ရင်းမှီး၊ ပင်လောင်း၊ စင်းတောင်း၊ ဝါးလီးတကြောလုံးမှာ အဝီစိတူးလို့မရဘူး၊ ရေထွက်ဦးတောင်မရှိဘူး၊ မျက်နှာသစ်ဖို့ဆို ရေခွက်သေးသေးလေးနဲ့ပဲ သစ်ရတယ်၊ မိုးလည်းသေချာ မရွာဘူး၊ အရင်ကဆို ရေဝယ်ဖို့မတတ်နိုင်တဲ့အချိန်ကဆို ဗူးသေးသေးလေးနဲ့ အေးနေတဲ့အချိန်မှာ မနက်အစောကြီး ဓတ်မီးတလက်နဲ့သွားတာ မမြင်ရဘူး အဲ့ဒါကိုစိမ့်စမ်းရေကို ရသလောက် ယူခဲ့ရတာ၊ ယင်လုံအိမ်သာအတွက်တောင် ရေမသုံးနိုင်ဘူး”ဟု ဆိုပါတယ်။
မိုးရာသီမှာ မိုးရေရရှိပေမယ့် ရေသိုလှောင်ကန်မလုပ်နိုင်တဲ့ ဝင်ငွေနည်းမိသားစုတွေဟာ နှစ်စဉ်ရေရှားမှုနဲ့ ကြုံနေရပါတယ်။
ပင်လောင်းမြို့နယ်တောင်ပိုင်းတကြောနဲ့ မြို့အတွင်းမှာက အဝီစိတွင်းတူးလို့မရလို့ စိမ့်စမ်းရေနဲ့မိုးရေကိုအဓိက အားထားရပြီး ကျေးရွာနဲ့ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ ရေသွားရောက်ခပ်ယူကြရပါတယ်။
ဒေသခံတွေဖက်က ရေတွင်းရေကန်အတွက် ရွာလူကြီးတွေကောက်ခံတဲ့ အလှူငွေတွေထည့်ဝင်ထားပေမယ့် ရေလှောင်ကန်တည်ဆောက်ခြင်း၊ ပိုက်များမြေမြှုပ်ခြင်းကိုသာ ပြုလုပ်ပေးခဲ့ပြီး ယခုနှစ်အထိရေမရှိသေးဘူး လို့ သိရပါတယ်။
ယခုနှစ်မှာတော့ ဒေသခံတွေအပြင် စစ်ရှောင်ဦးရေ ၆၀၀၀နီးပါးလည်းရောက်ရှိနေတဲ့အတွက် သောက်သုံးရေရရှိဖို့ဟာ ယခင်နှစ်ကထက် ပိုမိုလိုအပ်လျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *