———————-
ခမ်းသားငေါဝ်း၊ ဧပြီ ၁၉၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် PNLOထိန်းချုပ်ရာနယ်မြေ မောက်မယ်မြို့နယ်ရှိ ရန်ကင်းကျေးရွာဒေသခံသုံးဦးသည် တောင်ယာသွားစဥ် နမ့်ပါတက်ရွာအနောက်ဖက်အရောက်တွင် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဧပြီလ၁၉ရက်နေ့တွင်သိရသည်။
ဧပြီလ၁၈ရက်တွင် တောင်ယာသွားစဥ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ၈လသား ကလေးတစ်ဦးအပါအဝင် သုံးဦး ပြင်ထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုမိုင်းနင်းမိသည့်နေရာသို့ PNLOတပ်ဖွဲ့များက လာရောက်ပြီး ဒဏ်ရာရသူများကိုဆေးရုံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
“ခုက မိုင်းထောင်တဲ့နေရာက တိုက်ပွဲဖြစ်ပွားတဲ့ နေရာလည်းမဟုပါဘူး ဘယ်အဖွဲ့ဘဲထောင်ထောင်ပြည်သူလူထု သွားလာနေတဲ့ လုပ်ငန်းခွင်မှာ ခုလိုတော့ မလုပ်သင့်ဘူး”ဟုဒေသခံတစ်ဦးကပြောသည်။
ယခုဒေသခံများ နင်းမိသည့်မိုင်းမှာ RCSSတပ် ဖွဲ့မှ ထောင်ထားကြောင်း မြေပြင်မီဒီယာတိုက်တစ်ခုဖြစ်သော ခမ်းထီရေဒီယိုသတင်းဌာနမှ ရေးသားဖော်ပြထားသည်။
ယင်းဒေသအနီးတစ်ဝိုက်တွင်ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့ မှ ဧပြီလ ၃ရက်နေ့အထိ PNLOနှင့် RCSSတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးများခဲ့ကြောင်းသိရသည်။
ယခုအခါ နမ့်ပါတဲက်ရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းနေရာများတွင် RCSSတပ်ဖွဲ့များက နေရာယူတပ်စွဲပြီး ဒေသခံများလည်း လုံခြုံရေးစိုးရိမ်နေကြရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *