ခမ်းသားငေါဝ်း၊ ဧပြီ ၁၁၊ ၂၀၂၃
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဥ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများစွာ သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUGမှ ဧပြီ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ ၅၀ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခုဖြစ်ရပ်က ထပ်မံသက်သေပြနေသလို စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ဖြစ်ကြောင်း NUGမှပြောဆိုထားသည်၊၊
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည်နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်သည်ဟု မိမိတို့မှတ်ယူသည်”ဟု ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရကပြောသည်၊၊
ထိုလုပ်ရပ်အပါအဝင် စစ်ကောင်စီ၏ လုပ်ရပ်များ အားလုံးသည် စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
ထို့အပြင် အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစု များနှင့်တသားတည်း အတူတကွရှိနေပါကြောင်းအချက်အလက်တွင်ရေးသားထားသည်၊၊
ထိခိုက် ဆုံးရှုံးရသည့် လူထုဘဝများအချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည့်အကြောင်း အခိုင်အမာကတိပြုကြောင်းNUGက ထုတ်ပြန်ထားသည်၊၊
ယနေ့ဧပြီလ ၁၁ရက် မနက် ၇နာရီ ၄၅မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က Jet Fighterနှင့်လာရောက်ပစ်ခတ်ခဲ့ပြီး ၅မိနစ်အကြာတွင် MI 35 တစ်စီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *